ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုအားပေး
Ayeyarwaddy Region Government/ ပုသိမ် / January 14, 2026
ပုသိမ် ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကာ ပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ တောင်သူဦးမောင်မောင်သန်း၏ စိုက်ဧက(၅.၀၀) ဧကတွင်စိုက်ပျိုးထားသည့် Suryakiran (အိန္ဒိယနေကြာစပ်မျိုး) နေကြာစံပြစိုက်ခင်းအား ကြည့်ရှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ နေကြာစိုက်ခင်းခင်းတွင် ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် မြေသြဇာကျွေးခြင်း၊ ရေပေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေရေး မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကွမ်းသီးချောင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ စာသင်ကျောင်းနှင့် စာသင်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအုပ်ကြီးက ကျောင်းဆောင်လိုအပ်ချက်တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဆရာ၊ ဆရာမများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကွမ်းသီးချောင်းကျေးရွာ၊ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံ၍ “နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုကပူးပေါင်းဆောင်ရွက်ကြရမည်ပါကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများ၏ လိုအပ်ချက်များကိုလည်း တိုင်းဒေသကြီးအစိုးအဖွဲ့အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း” အားပေးစကားများပြောကြားခဲ့ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်နှင့် ဆီများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ဖက်သက်လတ်ကျေးရွာ၊ သဒ္ဓမ္မရံသီကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
