ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင် စေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညို၊ ဟိုင်းကြီးကျွန်းမြို့ဌာနဆိုင်ရာများအား ဆန်၊ ဆီများပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင် စေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညို၊ ဟိုင်းကြီးကျွန်းမြို့ဌာနဆိုင်ရာများအား ဆန်၊ ဆီများပေးအပ်
Ayeyarwaddy Region Government/ ပုသိမ် / February 05, 2026
ပုသိမ် ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ဟိုင်းကြီးကျွန်းမြို့ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဆန်၊ ဆီများပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော် မြတ်ကြီးသို့ရောက်ရှိပြီး ကျိုင်းတုံမြို့၊ ဓမ္မသုခကျောင်းတိုက်ဆရာတော်နှင့် မြတ်မော်တင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်တို့အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များ တင်ပြလျှောက်ထားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော် ဖူးမြော်ကြည်ညိုခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟိုင်းကြီးကျွန်းမြို့၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဆန်၊ ဆီများပေးအပ်ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးက လက်ခံခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် အနောက်ဘက်အာရုံခံတန်ဆောင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စေတီတော်ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ စေတီတော်ရင်ပြင် သန့်ရှင်းရေးများနေ့စဉ်ဆောင်ရွက်ရေး ၊ အမှိုက်များစနစ်တကျစွန့်ပစ်စေရေး၊ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် အရည်အသွေးပြည့်မီရေး၊ သာသနိက အဆောက်အဦများ ရေရှည်တည်တံ့စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြတ်မော်တင်ဘုရားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများနှင့် တွေ့ဆုံခဲ့ပြီး တာဝန်ရှိသူများက ကော်မတီများအလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အခမ်းအနားကျင်းပမည့် မဏ္ဍပ်များ၊ မုခ်ဦးများ တင့်တယ်လှပစေရေးနှင့် ခိုင်ခံ့မှုရှိစေရေး၊ ဘုရားပွဲတော်ကာလအတွင်း ဈေးဆိုင်ခန်းများ နေရာချထားမှုများ စနစ်တကျဖြစ်စေရေး၊ တည်းခိုခန်းများ၊ နားနေဆောင်များ၊ အများသုံး ရေချိုးခန်းများနှင့် သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သောက်ရေ၊ သုံးရေများ လုံလောက်စွာရရှိရေး၊ စေတီတော်မြတ်ကြီးပရ၀ုဏ်နှင့်ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ စေတီတော်ရင်ပြင်နှင့် မဟာရံတံတိုင်းများ၊ စိန်တောင်များ သန့်ရှင်းရေးဆောင်ရွက်ရေး၊ ဘုရားပွဲတော်ကာလအတွင်း အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့် အမှိုက်ပုံးများထားရှိရေး၊ ဆရာတော် သံဃာတော်များကြွရောက်သီတင်းသုံးမည့်နေရာများနှင့် ဘုရားဖူးပြည်သူများ တည်းခိုနေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရေးနှင့် လျှပ်စစ်မီးရရှိရေး၊ ဘုရားဖူးပြည်သူများ သွားလာမှုလွယ်ကူစေရေးမှာကြားခဲ့ပြီး လိုအပ်ချက်တင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
