ဧရာဝတီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရာထူးတိုးမြှင့်ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် အရာထမ်းများနှင့် ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးတို့အား နှုတ်ဆက်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရာထူးတိုးမြှင့်ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် အရာထမ်းများနှင့် ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးတို့အား နှုတ်ဆက်ပွဲအခမ်းအနားကျင်းပ


Ayeyarwaddy Region Government/ ပုသိမ် / June 04, 2026


ပုသိမ် ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရာထူးတိုးမြှင့်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် အရာထမ်းများနှင့် ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးတို့အား နှုတ်ဆက်ပွဲအခမ်းအနားကို မေလ(၂၆)ရက်နေ့ နေ့လယ်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုနှုတ်ဆက်အမှာစကားပြောကြားပြီး ရာထူး တိုးမြှင့်ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် အရာထမ်းများအား ရာထူးတိုးမြှင့်တံဆိပ်များ တပ်ဆင်ပေးခဲ့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဦးအောင်ဟိန်းကျော်၊ ညွှန်ကြားရေးမှူးသည် ခရိုင်အုပ်ချုုပ်ရေးမှူးအဖြစ်လည်းကောင်း၊ ဦးမြတ်ကိုထွေး ဒုတိယညွှန်ကြားရေးမှူးသည် ခရိုင်အုပ်ချုပ်ရေးမှူး (ညွှန်ကြားရေးမှူး)အဖြစ်လည်းကောင်း၊ ဦးသန်းဇော်ဟန် ဒုတိယညွှန်ကြားရေးမှူးသည့် ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ဦးလှိုင်းမောင်မောင် လက်ထောက်ညွှန်ကြားရေးမှူးသည် ဒုတိယညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးသည် ဒုတိယညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း ရာထူးတိုးခဲ့ကြသဖြင့် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ ရာထူးတိုးသွားကြသူများအနေ ဖြင့် အများပြည်သူအကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြခြင်း၊ ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ခြင်း၊ တိုင်းဒေသကြီးနှင့် နိုင်ငံအတွက် မိမိတို့၏ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်ခဲ့ခြင်းအတွက် အသိအမှတ်ပြုခံရခြင်းဖြစ်ပါသည်။

ရှေ့ဆက်မည့် တာဝန်အသစ်များတွင်လည်း အောင်မြင်မှုများစွာရရှိကာ ဌာနအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ပိုမိုမြှင့်တင်နိုင်ကြပါစေကြောင်း၊ မိမိတို့၏ အတွေ့အကြုံ၊ ပညာနှင့် ခေါင်းဆောင်မှုများဖြင့် လုပ်ဖော်ကိုင်ဖက်များအား အားပေးကူညီနိုင်သော အရာထမ်းကောင်းများအဖြစ် ဆက်လက် ရပ်တည်နိုင်ကြပါစေကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုနှုတ်ဆက်အပ်ပါသည်။