ဧရာဝတီ - ဟင်္သာတတာနှင့် ငဝန်တာများ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်
ဧရာဝတီ - ဟင်္သာတတာနှင့် ငဝန်တာများ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်
Ministry of Information/ Naypyitaw / July 20, 2024

နေပြည်တော် ဇူလိုင် ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရေဘေးကာကွယ်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရေဘေးကာကွယ်ဧရိယာ ပြင်ပအနိမ့်ပိုင်းဒေသများတွင် စိုက်ပျိုးထားရှိသော သီးနှံစိုက်ခင်းများ ရေနစ်မြုပ်၍ သီးနှံထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာပါက အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် သက်တမ်းတို အရန်မျိုးစပါးများ အသင့်စုဆောင်းခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ ရေကြီးနစ်မြုပ်ပြီးနောက် ကျရောက်တတ်သည့် သီးနှံပိုးမွှားရောဂါများအား ကာကွယ်နှိမ်နင်းရမည့် လုပ်ငန်းစဉ်များ၊ မွေးမြူရေးတိရစ္ဆာန်များ အသက်ဘေးအန္တရာယ် ကာကွယ်နိုင်ရေး၊ တိရစ္ဆာန်အသက်ကယ်ကုန်းများ ပြင်ဆင်ထားရှိခြင်း၊ ရေလွတ်ရာနေရာများသို့ အချိန်မီ ပြောင်းရွှေ့ခြင်းလုပ်ငန်းများ၊ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးကုသဆေးများ၊ တိရစ္ဆာန် ဖြည့်စွက်စာများ ကြိုတင်စုဆောင်းထားရှိခြင်းတို့ကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ရေး၊ ပြည်သူများအား မြို့နယ်နှင့်ခရိုင်အလိုက် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည့်ပညာပေးလုပ်ငန်းနှင့် အကူအညီများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ညောင်တုန်း၊ ပန်းတနော် အစရှိသည့် မြို့နယ်များရှိ စုစုပေါင်း ဧရိယာ ၃၃၉၃၈၁ ဧက ကို ရေဘေးကာကွယ်မှု အကျိုးပြုလျက်ရှိသည့် အလျား ၈၃ ဒသမ ၈၇ မိုင်ရှိ ဧရာဝတီ - ဟင်္သာတတာ၏ ရေကင်းစခန်းများဖြစ်သည့် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ရေကင်းစခန်း တာမိုင် ၃မိုင် ၅ ဖာလုံ၊ ဦးပါရဲ ရေကင်းစခန်း တာမိုင် ၈ မိုင် ၄ ဖာလုံ၊ ရေကြည်၊ သာပေါင်း၊ ဟင်္သာတနှင့် လေးမျက်နှာ မြို့နယ်များမှ ဧရိယာ ၃၀၀၃၈၄ ဧကကို ဧရာဝတီမြစ်ခွဲတစ်ခုဖြစ်သော ငဝန်မြစ်၏ ရေကြီးနစ်မြုပ်မှု ကာကွယ်ထားသည့် အလျား ၇၃ ဒသမ ၈၆၅ မိုင်ရှိ ငဝန်တာ၊ လိပ်ချောင်းရေကင်းစခန်း တာမိုင် ၃ မိုင် ၂ ဖာလုံ၊ ဂမ္ဘီ ၉ မိုင်၊ မြို့ကွင်းတာမိုင် ၁၂ မိုင် ၁ ဖာလုံတို့သို့ ရောက်ရှိကြပြီး ရေဘေးကာကွယ် ရေးလုပ်ငန်းများအတွက် ရေကင်းစခန်းများ ဖွင့်လှစ်ထားရှိမှု၊ အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှု၊ တာတမံလုပ်သားများ ခန့်အပ်ထားရှိမှုနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရန်အတွက် စက်ယန္တရားကြီးများ အသင့်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက တာတမံနိမ့်ကျမှုကြောင့် ရေကျော်ခြင်း၊ သဲဗွက်ထခြင်း၊ တာအိခြင်း၊ ရေပေါက် (ထူးပေါက်) ပေါက်ခြင်း စသည့် တာတမံထိခိုက်စေနိုင်သည့် အချက်များတွေ့ရှိပါက ကာကွယ်ရန်နည်းလမ်းများ၊ သတိပြုရမည့်အချက်များ၊ အချိန်မီကာကွယ်နိုင် ရေးလုပ်ငန်းစဉ်များ၊ ဆောင်ရွက်ရန်လိုအပ်ချက်များ၊ စုဆောင်းထားရှိသည့် အရေးပေါ်ပစ္စည်း များကို လိုအပ်သည့်နေရာများသို့ အမြန်ဆုံးသယ်ယူပို့ဆောင်နိုင်ရေးနှင့် ထပ်မံလိုအပ်ပါက ရေလမ်းကုန်းလမ်းမှ ဖြည့်စွက်ထားရှိနိုင် ရေး ကြိုတင်စီစဉ်ထားရန် လိုအပ်ချက်များ၊ တာတမံ ဝန်ထမ်းများ၊ တာလုပ်သားများ၊ ရပ်ကွက်ကျေးရွာများမှ တာဝန်ကျတာလုပ်သားများ၏ ကျန်းမာရေးအထူးဂရုပြုရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး လိုအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့နယ် မြို့ကွင်းလျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး တောင်သူများ မျိုးကောင်း၊ မျိုးသန့် ရရှိအသုံးပြုနိုင်စေရန်နှင့် စိုက်ချိန်မှန်ကန်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ လိုအပ်ချိန်တွင် ရေသောက်ဧရိယာအတွင်း အချိန်မီရေပေးဝေနိုင်ရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်