၁၆-၁၂-၂၀၂၃ ရက်နေ့တွင် မြန်မာနိုင်ငံစာရင်းကောင်စီ၊ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၄/၂၀၂၃) ကျင်းပခြင်း

၁၆-၁၂-၂၀၂၃ ရက်နေ့တွင် မြန်မာနိုင်ငံစာရင်းကောင်စီ၊ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၄/၂၀၂၃) ကျင်းပခြင်း


Office of the Auditor General of the Union/ npt / December 19, 2023


မြန်မာနိုင်ငံစာရင်းကောင်စီသည် စာရင်းပညာရပ်ဆိုင်ရာနှင့် စာရင်းလုပ်ငန်းဆိုင်ရာကိစ္စ ရပ်များကို ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံစာရင်းကောင်စီ၊ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၄/၂၀၂၃) ကို ၁၆-၁၂-၂၀၂၃ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ ပတ္တမြားခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဖွဲ့ဝင် ဉီးဝင်းတည်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယ ဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရင်းကဏ္ဍမှ အားဖြည့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ စာရင်းပညာနှင့် စာရင်းလုပ်ငန်းနယ်ပယ်ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်မှုများသည် အရေးပါသည့် လုပ်ငန်းရပ်များဖြစ်ပါကြောင်း၊ သို့ပါ၍ နိုင်ငံတကာနှင့် ရင်ဘောင်တန်းဆောင်ရွက်နိုင်သည့် အရည်အသွေးပြည့်ဝသော စာရင်းပညာရှင်နှင့် စာရင်းကျွမ်းကျင်သူများ တိုးပွားလာစေရေး၊ ကျင့် ဝတ်သိက္ခာစောင့်ထိန်းလိုက်နာစေရေးနှင့် အာဆီယံသာမက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် မှုများပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်စေရေးတို့ကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အမှုဆောင်အဖွဲ့ဝင်များအနေဖြင့် မိမိတို့၏အသင်းသားများကို ငွေကြေးခဝါချမှုနှင့်အကြမ်း ဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တာဝန်ပေးလုပ်ငန်းများ၊ စစ်ဆေးမှုလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်စေရေး တိုက်တွန်းဆောင်ရွက်ပေးရန်လည်း လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအရ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းကိစ္စရပ်များကို အလုပ်အမှုဆောင်အဖွဲ့ဝင်များက အစီအစဉ်အတိုင်း အသီးသီး ရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်က လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။