၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / September 09, 2023
image_latest


နေပြည်တော် စက်တင်ဘာ ၈

၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင်မှ တာဝန်ရှိသူများ၊ ပညာရှင်အဖွဲ့များမှ ပညာရှင် ဆရာကြီး ဆရာမကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “စေတနာပန်းတို့လန်းရာမြေ သီချင်းကို ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ် ပေးသည်။

၁၉၆၆ ခုနှစ်မှ စတင်ကျင်းပ

ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက အီရန်နိုင်ငံ တီဟီရန်မြို့၌ ကမ္ဘာ့နိုင်ငံပေါင်း ၈၉ နိုင်ငံမှ ပညာရေးဝန်ကြီးများ ဦးဆောင်တက်ရောက်သည့် ၁၉၆၅ ခုနှစ် စက်တင်ဘာ ၈ ရက်မှ စက်တင်ဘာ ၁၉ ရက်အထိ ၁၂ ရက်ကြာ ကျင်းပခဲ့သည့် ကမ္ဘာ့စာတတ်မြောက်ရေးကွန်ဂရက်မှ နှစ်စဉ် စက်တင်ဘာ ၈ ရက်ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့ (International Literacy Day) အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၆၆ ခုနှစ်မှ စတင်ကာ ယူနက်စကို အဖွဲ့ကဦးဆောင်လျက် စာတတ်မြောက်ရေးနေ့ အခမ်းအနားများကို ကျင်းပခဲ့ကြကြောင်း၊ နိုင်ငံသူနိုင်ငံသားတိုင်းကို စာမတတ်သူများအဖြစ်မှ ကင်းလွတ်၍ စာတတ်မြောက်လာအောင် တွန်းအားတစ်ရပ်အဖြစ် လုပ်ဆောင်သည့် နေ့တစ်နေ့လည်းဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည် ချက် (၉) ရပ် လူမှုရေးကဏ္ဍတွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရေး ဟူသော ဦးတည်ချက်အတွက် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ပညာရေးတွင်လူတိုင်းပါဝင် သင်ကြားနိုင်အောင် ကျောင်းသင်ပညာရေး (Formal Education) နှင့်အတူ ကျောင်းပြင်ပပညာရေး (Non-Formal Education) တို့ဖြင့်ပါ သင်ကြားနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း။

ကျောင်းပြင်ပပညာရေးဆိုသည်မှာ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေအရွယ်တွင် မူလတန်းပညာကို ပြီးဆုံးအောင်မသင်ကြားခဲ့ရသူများ၊ ကျောင်းမနေခဲ့ဖူးသူများနှင့် စာမတတ်သူများအတွက် အသက်အုပ်စုများ ခွဲခြားသတ်မှတ်ပြီး စာတတ်မြောက်ရေး၊ စဉ်ဆက်ပညာရေးအစီအစဉ်ဖြင့် သင်ကြားပေးလျက်ရှိပါကြောင်း၊ အဆိုပါ စဉ်ဆက်ပညာရေးအစီအစဉ်၌ပါဝင်သည့် တန်းညှိပညာရေး အစီအစဉ်တွင်ကျောင်းပြင်ပ မူလတန်းပညာရေးအစီအစဉ်နှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်များကို သင်ကြားပေးပြီးနောက် လုပ်ငန်းခွင်များသို့ ချိတ်ဆက်ပို့ဆောင်ခြင်း၊ ကျောင်းသင်ပညာရေးဖြစ်သည့် အခြေခံပညာရေးသို့ အတန်း ကူးပြောင်း၍ တက်ရောက်စေခြင်းတို့ကို ဖော်ဆောင်ရန် ဖြစ်ပါကြောင်း။

အကျိုးကျေးဇူးများရရှိ

ယခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “Promoting literacy for a world in transition: Building the foundation for sustainable and peaceful societies” ကို မြန်မာမှုပြုထားသည့် “တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့ ဆောင်ပုဒ်အတိုင်း စာတတ်မြောက်ခြင်းသည် တစ်ဦးချင်းစီ၏ အကျိုးကျေးဇူးများ ရရှိရုံသာမက မိမိတို့၏ဒေသတွင်း နိုင်ငံတွင်းလူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကိုရရှိစေရန် စွမ်းဆောင်ပေးကြောင်းကို ယူနက်စကို၏ Concept note ထုတ်ပြန်ချက်တွင် ဖော်ပြထားပါကြောင်း။

ထို့ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ထားသည့်အတိုင်း ကျေးလက်ဒေသများနှင့် အစွန်အဖျားဒေသများပါမကျန် ကျောင်းသင်ပညာရေး နည်းလမ်းများအပြင် ကျောင်းပြင်ပပညာရေးနည်းလမ်းများဖြင့် “ပြည်သူများအတွက် အတန်းပညာတတ်မြောက်ရေး၊ စာတတ်မြောက်ရေး၊ စဉ်ဆက်ပညာရေးနှင့် တန်းညှိပညာရေးအစီအစဉ်များပါဝင်သော ကျောင်းပြင်ပမူလတန်းပညာရေး၊ ကျောင်းပြင်ပအလယ်တန်း ပညာရေးအစီအစဉ်များနှင့် ဘဝတစ်သက်တာသင်ယူ မှုများရရှိနိုင်အောင် ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက စေတနာရှင်အလှူရှင်များ၏ ပါဝင်မှုတို့ဖြင့် လူတိုင်းအတွက်ပညာရေးကို ဝိုင်းဝန်းဖော်ဆောင်ပေးရင်း “တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်း ကမ္ဘာကြီးသို့ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့ ဆောင်ပုဒ်အတိုင်း လူတိုင်းစာတတ် မြောက်ရေးအတွက် ပူးပေါင်းပါဝင် လုပ်ဆောင်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

သဝဏ်လွှာဖတ်ကြား

ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ် မြောက်ရေးနေ့အခမ်းအနားသို့ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်ထံမှပေးပို့သောသဝဏ်လွှာကို မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် ကိုယ်စားကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ဖတ်ကြားပြီး စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု(Video Clip) ကို ပြသသည်။

ထို့နောက် နေပြည်တော်ပျဉ်းမနားမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “တို့အင်တို့အား သီချင်းဖြင့် သီဆိုဂုဏ်ပြုဖျော်ဖြေကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အခမ်းအနားတွင် သီဆိုဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများ နှင့်ဧည့်သည်တော်များသည် ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်