၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်
၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်
Myanmar National Human Rights Commission/ Yangon / December 01, 2023
၁။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်နှင့်ပူးပေါင်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်စပ်လျဉ်းသည့် ဟောပြောပွဲကို ၁-၁၂-၂၀၂၃ ရက်နေ့၊ ၁၀း၀၀ နာရီအချိန်တွင် ကော်မရှင်ရုံး၊ Conference Room ၌ Hybrid System ဖြင့် ကျင်းပပြုလုပ်ရာ ကော်မရှင်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ရုံးချုပ်နှင့် ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။
၂။ ရှေးဦးစွာ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်မှ အဖွင့်အမှာစကားအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများအခြေအနေ၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ပေါ်ပေါက်လာရခြင်း ကုလသမဂ္ဂ၏ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံပါဝင်ထားမှု၊ မြန်မာနိုင်ငံအတွင်း မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ပြဋ္ဌာန်းပေးထားမှုနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးမှု လုပ်ငန်းများဆောင်ရွက်မှု၊ “မသန်သော်လည်း စွမ်းပါသည်” ဆိုသည့်အတိုင်း စွမ်းဆောင်နိုင်ခဲ့သူများအပေါ် နိုင်ငံတော်အပိုင်းမှ အားပေးဆောင်ရွက်နေမှုများ နှင့်စပ်လျဉ်းသည့် အကြောင်းတို့ကို ပြောကြားခဲ့ပြီး၊ ဆွေးနွေးဟော ပြောကြမည့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
၃။ ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးသိန်းဟန်သူ၊ ဒုတိယဥက္ကဋ္ဌ ဦးနိုင်အောင်သန်းလွင်နှင့် အတွင်းရေးမှူး ဒေါ်ချောစုလှိုင်တို့က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅ ခုနှစ်)၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အာဆီယံအထောက်အကူပြု မဟာဗျူဟာစီမံချက် ၂၀၂၅ ပါ အခွင့်အရေးများနှင့် ပြဋ္ဌာန်းချက်များ၊ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာနယ်ပယ်များတွင် မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်ခွင့်နှင့် ရွေးကောက်ပွဲဆိုင်ရာ ကိုယ်တွေ့ဘဝအတွေ့အကြုံများကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ပါသည်။
၄။ ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့အား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် အဖွဲ့ဝင် ဒေါက်တာသန်းမြင့်တို့က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့် က ကျေးဇူးတင်စကားပြောကြားကာ ဟောပြောပွဲ အခမ်းအနားကို ၁၁း၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
