၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ စတင်ကျင်းပ
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ စတင်ကျင်းပ
Ministry of Education/ နေပြည်တော် / December 05, 2023
နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၅
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ဒီဇင်ဘာ ၅ ရက်မှ ၁၆ ရက်နေ့အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများနှင့် လယ်ဝေး အားကစားလေ့ကျင့်ရေးစခန်းတို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်ပြီး အားကစားနည်းများအလိုက် ယှဉ်ပြိုင်ကစားကြသည်။
ယနေ့ နံနက် ၇ နာရီတွင် လယ်ဝေး အားကစားလေ့ကျင့်ရေးစခန်း၌ ပြေးခုန်ပစ်ပြိုင်ပွဲ၏ ပထမနေ့ပွဲစဉ်အဖြစ် အမျိုးသား မီတာ ၅၀၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား (သုံးဆင့်ခုန်) ပြိုင်ပွဲ၊ အမျိုးသမီး (သုံးဆင့်ခုန်)ပြိုင်ပွဲ၊ အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲနှင့် အမျိုးသမီးသံပြားပစ် ပြိုင်ပွဲများကို ကျင်းပကြရာ အမျိုးသားမီတာ ၅၀၀၀ အပြေးပြိုင်ပွဲတွင် မောင်မင်းဟန်ကျော် (မန္တလေး)က ပထမ၊ မောင်အောင်ကျော်လင်း (ပဲခူး)က ဒုတိယ၊ မောင်ကောင်းသက်ပိုင်ထူး (ရန်ကုန်)က တတိယရရှိကြသည်။ အမျိုးသား (သုံးဆင့်ခုန်) ပြိုင်ပွဲတွင် မောင်အောင်ခန့်သူ(မန္တလေး)က ပထမ၊ မောင်ဘုန်းမြတ်ကြွယ် (မကွေး)က ဒုတိယ၊ မောင်မင်းသုခ (ပဲခူး)က တတိယရရှိကြသည်။ အမျိုးသမီး မီတာ၂၀၀ အပြေးပြိုင်ပွဲတွင် မညိုညိုဌေး (တနင်္သာရီ)က ပထမ၊ မချောရူပါကို (ဧရာဝတီ)က ဒုတိယ၊ မမိမော်ချမ်း (ကရင်)က တတိယရရှိကြပြီး အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် မောင်ခန့်ဇင်ကျော် (တနင်္သာရီ)က ပထမ၊ မောင်အောင်မင်းခန့် (ကရင်)က ဒုတိယ၊ မောင်ရဲထွဋ်အောင် (မကွေး)က တတိယ ရရှိကြသည်။
အမျိုးသမီး (သုံးဆင့်ခုန်) ပြိုင်ပွဲတွင် မသဲဖြူဝင်း (ကချင်)က ပထမ၊ မလင်းလက်ရွှေရည် (မွန်)က ဒုတိယ၊ မခင်ရတနာအောင် (မန္တလေး) က တတိယရရှိကြသည်။
အမျိုးသမီး သံပြားပစ်ပြိုင်ပွဲတွင် မအွန်ဆိုင်ခမ်း(ရှမ်း)က ပထမ၊ မရှင်ထန်းနား (စစ်ကိုင်း) က ဒုတိယ၊ မယွန်းယုယအောင်(တနင်္သာရီ)က တတိယဆုများကို ရရှိကြရာ ပြိုင်ပွဲများအပြီးတွင် အခြေခံပညာကျောင်းသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် ကျောင်းသား အားကစားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ကျောင်းသားအားကစားပွဲတော် ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းတို့က ဆုများကို အသီးသီးချီးမြှင့်ပေးကြသည်။
ထို့ပြင် ယနေ့နံနက်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Boxing အားကစားခန်းမ၌ ကျင်းပသည့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A)ရုံ၌ ကျင်းပသည့် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ ကျင်းပသည့် အမျိုးသား၊ အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C)ရုံ၌ ကျင်းပသည့် အမျိုးသား၊ အမျိုးသမီးကြက်တောင်ပြိုင်ပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ်(၁)နှင့် (၃)တို့တွင် ဘောလုံးပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။