၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသီတင်းပတ်ကာလအတွင်း အခြေခံပညာ ကျောင်းသား ကျောင်းသူ ၆၃ သိန်းကျော် အပ်နှံပြီးစီး
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသီတင်းပတ်ကာလအတွင်း အခြေခံပညာ ကျောင်းသား ကျောင်းသူ ၆၃ သိန်းကျော် အပ်နှံပြီးစီး
/ Naypyitaw / June 03, 2024

နေပြည်တော် ဇွန် ၂
၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်နှံရေး သီတင်းပတ်ကာလအတွင်း ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇွန် ၂ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား ကျောင်းသူ ၆၃၉၄၅၂၈ ဦး အပ်နှံပြီးစီးခဲ့ပြီး ကျန်ရှိသည့် ကျောင်းသားကျောင်းသူများလည်း သက်ဆိုင်ရာကျောင်းများသို့လာရောက်၍ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရေး သီတင်းပတ်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ ကျောင်းလာရောက်အပ်နှံလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ ဆရာမများက လာရောက်အပ်နှံသူ မိဘအုပ်ထိန်း သူများနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေးဆောင်ရွက် ပေးကြပြီး ပညာရေးဝန်ကြီးဌာနမှ ကျောင်းအပ်နှံသည့်ကလေးများအားလုံးအတွက် ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ဖြန့်ဝေပေးပြီး မူလတန်းအဆင့် ကျောင်းသားကျောင်းသူများကို ကျောင်းဝတ်စုံများပါ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ် လက်ခံပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်