၂၄-၇-၂၀၂၄ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၁၈) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / July 26, 2024


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (ရုံးချုပ်) ဝန်ထမ်းများ၏ (၁၈) ကြိမ်မြောက်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပျဉ်းမနားမြို့ ဘုရားကြီးကျောင်းတိုက်နှင့် ရတနာဘုမ္မိသာရကျောင်းတိုက်တို့မှ ပင့်ဖိတ်ထားသည့် သံဃာတော်အရှင်သူမြတ် ၁၀ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများတက်ရောက်၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဦးစွာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ပျဉ်းမနားမြို့ ဘုရားကြီးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်တို့က သံဃာတော်အရှင်သူမြတ်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အလှူရှင်များက သံဃာတော်အရှင်သူမြတ်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ရတနာဘုမ္မိသာရကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်တို့က ရတနာရွှေမိုး ငွေမိုး ရွာသွန်းဖြိုးပေးခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များထံ နေ့ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် ငွေသားနှင့်ပစ္စည်းစုစုပေါင်းတန်ဖိုးငွေကျပ် ၄,၉၈၃,၄၀၀ ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အလားတူ ယင်းနေ့နံနက်ပိုင်းတွင်လည်း လယ်ဝေးမြို့နယ်၊ ဝိသာခါပုဏ္ဏမီဂုဏ်ဝေ သီလရှင်ပရဟိတစာသင်တိုက်နှင့် အောင်ချမ်းသာသီလရှင်စာသင်တိုက်များသို့ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်း စုစုပေါင်း ကျပ် ၇၅၇,၀၀၀ လှူဒါန်းခဲ့ကြသည်။