“ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲ” ကျင်းပ
“ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲ” ကျင်းပ
Ministry of Ethnic Affairs/ နေပြည်တော် / November 25, 2021
နေပြည်တော် နိုဝင်ဘာ ၂၄
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေး အတွက် အသိပညာပေးဆွေးနွေးပွဲကို နိုဝင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (၁:၃၀) နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Covid-19 တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ စာတမ်းဖတ်ကြားမည့် အရာထမ်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ် များမှ တာဝန်ခံများက Online စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများ ထဲမှ အရည်အချင်းရှိသော်လည်း မီးခဲပြာဖုံးဖြစ်နေသည့် လူ့စွမ်းအားအရင်းအမြစ်များ၊ လူကောင်း လူတော်များ ဖော်ထုတ်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံး၏ ညွှန်ကြားလာခြင်းအပေါ် ယခုကဲ့သို့အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် လုပ်ငန်းနယ်ပယ်အသီးသီး တွင် လိုအပ်လျက်ရှိသော ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် ပေါ်ထွန်း လာစေရေးအတွက် ပြုစုပျိုးထောင် လေ့ကျင့်မွေးထုတ်ပေးရန် တာဝန်ရှိသကဲ့သို့ ၎င်းရည်မှန်းချက် အောင်မြင်ပြီးမြောက်စေရေးသည်လည်း လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းများအပေါ်တွင် အဓိကကျပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နယ်ပယ်အလိုက် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင် ပေးသွားမည် ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့၏ သက်ဆိုင်ရာပညာရပ်ကဏ္ဍအလိုက် လုပ်ငန်း ကျွမ်းကျင်တတ်မြောက်စေရန်၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိစေရန်နှင့် အခြားသူများကိုလည်း အသိပညာပေးခြင်း၊ အမြင်ချင်းဖလှယ်ခြင်းများရှိစေရန်နှင့် အချိန်နှင့်တစ်ပြေးညီ မိမိကိုယ်ကို အရည်အသွေးတိုးတက်အောင် ကြိုးစားနေကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်စေရေးအတွက် နိုင်ငံ့ဝန်ထမ်းများက တာဝန်ယူ ဆောင်ရွက်ပေးရသူများဖြစ်သည့် အားလျော်စွာ မိမိတို့၏အရည်အသွေးကို ယခုထက်မက တိုးတက်စေရေး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိနိုင်မည့် အရာများကို သိရှိစေရန် ယခုကဲ့သို့ ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပနိုင်ရေးနှင့် အသိပညာပေး ဆွေးနွေးပွဲမှ ရရှိလာမည့် အသိပညာဗဟုသုတများကို ဝန်ထမ်းအချင်းချင်း မျှဝေဖလှယ်ခြင်းဖြင့် မိမိတို့၏ အရည်အသွေးများ ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မိမိ၏စံနှုန်းများကို တိုးတက်နေအောင် အမြဲကြိုးစားလေ့လာခြင်းအားဖြင့် ဝန်ကြီးဌာနအတွက်သာမက နိုင်ငံနှင့်လူမျိုး ကောင်းကျိုး အတွက် ဝိုင်းဝန်းကြိုးစားကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားများ၏စာပေနှင့်ယဉ်ကျေးမှုကို ထိန်းသိမ်း မြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက် ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန်ဖြစ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းစဉ်(၅)ရပ်၊ မူဝါဒ(၉)ရပ်တွင်လည်း တိုင်းရင်းသားရေးရာနှင့် ပတ်သက်သည့် အချက်များ ပါဝင်ပါကြောင်း၊ အဆိုပါအချက်များကို အကောင်အထည်ဖော်ရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတွင် တာဝန်ရှိသည့်အတွက် ဌာနရှိ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးသည် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းတာဝန် များကို ကျွမ်းကျင်မှုရှိစေရန်၊ စနစ်ကျနမှုရှိစေရန်၊ ခံနိုင်ရည်ရှိစေရန်၊ စည်းလုံးညီညွတ်မှုရှိစေရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ အသိပညာပေး ဆွေးနွေးပွဲများကို ဦးစီးဌာနအလိုက် ဆက်လက် ဆောင်ရွက်ရန်နှင့် ဆွေးနွေးသည့်အခါ ဆန်းသစ်သော ခေါင်းစဉ်များ ရွေးချယ်စေလိုပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အလွန်အရေးကြီးပါသဖြင့် ယခုကဲ့သို့ အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ရာ ရောက်ပါ ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးခင်မောင်ထွန်းက ရှမ်းတိုင်းရင်းသား(၁၂)လရာသီပွဲတော်များအကြောင်း စာတမ်းကိုလည်းကောင်း၊ ကယားပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်နီနီမင်းသိန်းက ကယားပြည်နယ် စီးပွားဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေနိုင်သော ခရီးသွားလုပ်ငန်းအကြောင်း စာတမ်းကိုလည်းကောင်း၊ ကရင် ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင်က ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအကြောင်း စာတမ်းကိုလည်းကောင်း၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ကိုင်းဂိုးမန်းက ဇိုမီးတိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုအကြောင်း စာတမ်းကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန (ရုံးချုပ်)၊ စာပေနှင့်ဘာသာစကားဌာနခွဲ မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းဝင့်က စကားစာပေမှသည် ငြိမ်းချမ်းရေးဆီသို့ စာတမ်းကိုလည်းကောင်း Power Point ဖြင့် အသီးသီးဖတ်ကြားတင်ပြခဲ့ကြပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးက စာတမ်းတင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးစားပေးရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးကို အဓိကထားဆောင်ရွက်ရန်၊ ပါတီစွဲ ပုဂ္ဂိုလ်စွဲမထားဘဲ တိုင်းပြည်နှင့် ပြည်သူများအကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်ကြစေရန်၊ ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းပြီး စည်းမျဉ်း စည်းကမ်းများနှင့်အညီ နေထိုင်ကြစေလိုပါကြောင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ မပျံ့ပွားစေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေထိုင်ကြစေလိုပါကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။