(၁၆)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေး (16th AMMTC)ကျင်းပ
(၁၆)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေး (16th AMMTC)ကျင်းပ
Ministry of Home Affairs/ နေပြည်တော် / September 23, 2022

အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင် (APSC) မူဘောင်မှ နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေး (The Sixteenth ASEAN Ministerial Meeting on Transnational Crime - AMMTC) ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် နှစ်စဉ် ကျင်းပလျက်ရှိရာ (၁၆)ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ ဒေသစံတော်ချိန် ၀၉၀၀ နာရီတွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ 16th AMMTC အစည်းအဝေးကို အာဆီယံ ၁၀ နိုင်ငံမှ ဝန်ကြီးအဆင့် AMMTC ခေါင်းဆောင်များ ဦးဆောင်၍ အဆင့်မြင့်အရာရှိကြီး အဆင့်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ASEANAPOL ၊ DGICM တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာအဆင့်မြင့် ရဲအရာရှိကြီးများက နေပြည်တော်၊ ရုံးအမှတ်(၈)၊ အစည်းအဝေးခန်းမမှ ပါဝင်တက်ရောက်ခဲ့ပါသည်။
16th AMMTC စုံညီအစည်းအဝေးကို ကမ္ဘောဒီးယားဒေသစံတော်ချိန် နံနက် ၈ နာရီတွင် စတင်ကျင်းပရာ အစည်းအဝေးသဘာပတိ ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Samdech Kralahorm Sar Kheng က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် အာဆီယံဒုတိယအတွင်းရေးမှူးချုပ် H.E. R.M. Michael Tene က အာဆီယံဒေသတွင်း လတ်တလောဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံမူဘောင်များနှင့်ကိုက်ညှိ၍ AMMTC လုပ်ငန်းစဉ် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်၍ AMMTC ယန္တရားအောက်ရှိ အစည်းအဝေးများဖြစ်သော DGICM ၊ SOMTC နှင့် ASEANAPOL ဥက္ကဋ္ဌများက ၎င်းတို့၏ သက်ဆိုင်ရာအစည်းအဝေးရလဒ်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ AMMTC ခေါင်းဆောင် ဝန်ကြီးများက နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရာတွင် နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် ကြိုးပမ်းဆောင်ရွက်မှုများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က ဆွေးနွေးပြောကြားရာတွင် အကြမ်းဖက်မှုသည် နိုင်ငံဖြတ်ကျော်သည့် သဘောသဘာဝရှိခြင်းကြောင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရန်လိုအပ်ကြောင်း၊ လက်နက်မှောင်ခိုမှုခင်းများသည် ဒုစရိုက်ဂိုဏ်းများ၊ အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့များကဲ့သို့သော Non-State Actor များအတွက် အထောက်အကူပေးနိုင်ရုံသာမက လူ့အသိုင်းအဝိုင်းများ၏ လုံခြုံဘေးကင်းမှုအပေါ်တွင်လည်း ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပါကြောင်း၊ အကြမ်းဖက်မှုနှင့် လက်နက်မှောင်ခိုမှု ချိတ်ဆက်နေသဖြင့် တစ်ပေါင်းတည်းတိုက်ဖျက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံဖြတ်ကျော်လူကုန်ကူးမှု၊ လူမှောင်ခိုမှုများတွင် နယ်စပ်ဖြတ်ကျော်ခြင်း (Border Crossing) သည် အဓိကဖြစ်၍ အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများအကြား၊ နယ်စပ်ဒေသနေ လူ့အသိုင်းအဝိုင်းများအကြား ဘက်စုံထောင့်စုံ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်မည့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များအပေါ် အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံအားလုံးပူးပေါင်းပါဝင်ပြီး ဟန်ချက်ညီဆောင်ရွက်နိုင်မည့် နယ်စပ်ဒေသစီမံခန့်ခွဲရေးသည် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းရာတွင် အလွန်အရေးကြီးသော နည်းလမ်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အစိုးရနှင့် သမားရိုးကျမဟုတ်သောအဖွဲ့အစည်းများအကြား ဗဟိုအဆင့်၊ ဒေသအဆင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်၍ ထိရောက်သည့်လုပ်ငန်းဆောင်တာများ ချမှတ်ဆောင်ရွက်သင့်ပါကြောင်း၊ နားလည်မှု စာချွန်လွှာများ သို့မဟုတ် သဘောတူညီချက်များ စသည့် Bilateral or Multilateral Legal Framework များအပေါ် အခြေပြုသင့်ပါကြောင်း၊ နိုင်ငံများအနေဖြင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအကြား သတင်းအချက်အလက်ဖလှယ်မှု ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြှင့်ပြုလုပ်သင့်ပါကြောင်း၊ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ အာဆီယံရဲအဖွဲ့ (ASEANAPOL)တို့မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သင့်ပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံမှ ဝင်ရောက်စွက်ဖက်ခြင်းမျိုးမဟုတ်ဘဲ မိမိတို့နိုင်ငံအလိုက် ပြဋ္ဌာန်းထားသော ပြည်တွင်းဥပဒေများ၊ နိုင်ငံတကာဥပဒေများနှင့်အညီ ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
16th AMMTC စုံညီအစည်းအဝေးတွင် လူကုန်ကူးမှု၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအား လူကုန်ကူးမှုတိုက်ဖျက်ရေး အာဆီယံကွန်ဗင်းရှင်း (ACTIP) အကောင်အထည် ဖော်ဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံအလိုက် ကိုယ်စားလှယ်များအတွက် လုပ်ငန်းလမ်းညွှန် (TOR) နှင့် (၁၆)ကြိမ်မြောက် AMMTC အစည်းအဝေးပူးတွဲကြေညာချက်တို့အား အတည်ပြုခြင်းကို ဆောင်ရွက်ခဲ့ကြပြီး (၁၆)ကြိမ်မြောက် AMMTC စုံညီအစည်းအဝေးကို မွန်လွဲ ၁ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများ၏ ဝန်ကြီးအဆင့် အစည်းအဝေးများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။