(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက်သာမက နောင်တွင်ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများအထိ အောင်မြင်မှုများရရှိအောင် မျှော်မှန်းကြိုးစား

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက်သာမက နောင်တွင်ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများအထိ အောင်မြင်မှုများရရှိအောင် မျှော်မှန်းကြိုးစား


Ministry of Information/ Naypyitaw / September 15, 2025
image_latest


ရန်ကုန် စက်တင်ဘာ ၁၄

ဒုတိယအကြိမ် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူးများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက သွားရောက်ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် လေ့ကျင့်ရမည့် ကွင်းအနေအထား၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရမည့် ကွင်းအနေအထားတို့ကို ကြိုတင်လေ့လာထားစေလိုကြောင်း၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက်သာမက နောင်တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများအထိ အောင်မြင်မှုများရရှိအောင် မျှော်မှန်းကြိုးစားစေလိုကြောင်း၊ ယခုပြိုင်ပွဲအတွက် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံးအထောက်အကူပြုပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကြိုတင်ပေါင်းစပ်ဆောင်ရွက်ထားစေလိုကြောင်း၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် အောင်နိုင်ရေး အလံပေးအပ်ပွဲအခမ်းအနားသို့ အားကစားနည်းများအားလုံး စုံစုံလင်လင်တက် ရောက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်း‌ရေးမှူးများက (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အုပ်ချုပ်မှုပိုင်းဆိုင်ရာစီမံခန့်ခွဲထားရှိမှု၊ ပြိုင်ပွဲသို့ သွားရောက်မည့်အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများ၏ အင်အားစာရင်း၊ ဒိုင်လူကြီးတာဝန်ထမ်းဆောင်မှု၊ ပြည်ပနိုင်ငံများသို့ ပူးတွဲလေ့ကျင့်မှု (Joint Training) သွားရောက်ခဲ့မှု၊ မျှော်မှန်းထားသည့် ဆုတံဆိပ်ရရှိမှု၊ မိမိအစီအစဉ်ဖြင့် သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏ သွားလာနေထိုင်ရေးနှင့် လေ့ကျင့်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်