(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု နပန်းအားကစားသမားများ ထိုင်းနိုင်ငံသို့ထွက်ခွာ
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု နပန်းအားကစားသမားများ ထိုင်းနိုင်ငံသို့ထွက်ခွာ
Ministry of Information/ Naypyitaw / December 16, 2025
ရန်ကုန် ဒီဇင်ဘာ ၁၅
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု နပန်းအားကစားသမားများသည် ထိုင်းနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်မည့် နောက်ဆုံးအားကစားအဖွဲ့အဖြစ် ယနေ့တွင် လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
ထိုင်းနိုင်ငံ ချွန်ဘူရီမြို့၌ နပန်းအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ပြိုင်ပွဲကို နိုင်ငံခြားသားနည်းပြတစ်ဦး၊ မြန်မာနည်းပြတစ်ဦး၊ အုပ်ချုပ်သူတစ်ဦး၊ အမျိုးသားကစားသမားငါးဦးနဲ့ အမျိုးသမီးကစားသမားသုံးဦး စုစုပေါင်း ၁၁ ဦးနဲ့ သွားရောက်ယှဉ်ပြိုင်ကြမှာပါ။ နပန်းအားကစားပြိုင်ပွဲမှာ Grecoroman နဲ့ Free style အားကစားနည်းနှစ်မျိုးစလုံးမှာ ယှဉ်ပြိုင်သွားမှာပါ။ ဆီးဂိမ်းပြိုင်ပွဲအတွက် အားလုံးအသင့် ဖြစ်နေပါပြီ။ ပြိုင်ပွဲအတွက် အားကစားသမားအဟောင်းတွေနဲ့ မျိုးဆက်သစ်တွေကို ရွေးချယ်ခဲ့ပြီး နပန်းအားကစားအဖွဲ့ချုပ်ရဲ့ အစီအစဉ်နဲ့ ဧပြီလမှာ စခန်းသွင်းလေ့ကျင့်ခဲ့ပါတယ်။ အောက်တိုဘာလ အိန္ဒိယနိုင်ငံမှာ လေ့ကျင့်ခဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ လေ့ကျင့်ရေးပိုင်းတွေမှာ အားလုံးတက်တက်ကြွကြွနဲ့ အသင့်ဖြစ်နေပြီလို့ ပြောရမှာပါ။ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို နပန်း အားကစားအနေနဲ့ နောက်ဆုံးအဖွဲ့ဖြစ်ပေမယ့် ရွှေရအောင်ယူခဲ့ပါ့မယ်”ဟု နိုင်ငံကိုယ်စားပြုနပန်းအားကစားအဖွဲ့ အုပ်ချုပ်သူ ဒေါ်သီတာမွန်က ပြောသည်။
နိုင်ငံကိုယ်စားပြု အမျိုးသားအားကစားသမားများအနေဖြင့် Grecoroman နှင့် Free style အားကစားနည်း နှစ်မျိုးစလုံးတွင်လည်းကောင်း၊ အမျိုးသမီးအားကစားသမားများအနေဖြင့် Free style အားကစားနည်းတွင်လည်းကောင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှာသာမက အိန္ဒိယနိုင်ငံမှာ အိန္ဒိယနည်းပြနဲ့ မြန်မာနည်းပြတွေ စုပေါင်းပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးပါပြီ။ ဂျူဒိုမှာလည်း အတွေ့အကြုံရှိပြီးဖြစ်တဲ့အတွက် နပန်းနည်းစနစ်နဲ့ ပေါင်းပြီးအကောင်းဆုံးကြိုးစားပါမယ်။ Free style အားကစားနည်း 53 kg တန်းမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။ တစ်ဖက်ကစားသမားတွေရဲ့ အနေအထားကိုလည်း လေ့လာထားပါတယ်။ ပြိုင်ပွဲဆိုတာ အနိုင်အရှုံးရှိပေမယ့် အကောင်းဆုံးပြိုင်ပွဲဝင်ပြီး ရွှေရရမယ်လို့ မှန်းထားပါတယ်” ဟု နိုင်ငံကိုယ်စားပြု နပန်းအားကစားသမားမခင်ခင်စုက ပြောပြသည်။
ပြီးခဲ့သည့် အားကစားပြိုင်ပွဲနှစ်ကြိမ်တွင် နပန်းအားကစားအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့သော်လည်း ယခုနှစ်ပြိုင်ပွဲအတွက် ကစားသမားဟောင်းများနှင့် မျိုးဆက်သစ်များကို စနစ်တကျစုစည်းကာ လေ့ကျင့်မှုများစွာ ဆောင်ရွက်ထားကြောင်း နပန်းအားကစားအဖွဲ့မှ သိရသည်။
“ကျွန်တော်က Grecoroman အားကစားနည်းမှာ 97 kg တန်းကနေ ယှဉ်ပြိုင်သွားမှာပါ။ နိုင်ငံခြားနည်းပြတွေနဲ့ အကောင်းဆုံးလေ့ကျင့်ထားတဲ့အပြင် အိန္ဒိယမှာ ကမ္ဘာ့ချန်ပီယံတွေနဲ့ လေ့ကျင့်ထားတဲ့အတွက် ယုံကြည်မှုရှိပါတယ်။ အဓိကယှဉ်ပြိုင်ရမှာက ဗီယက်နမ်နဲ့ အင်ဒိုနီးရှားပါ။ ဒီဇင်ဘာ ၁၇ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အကောင်းဆုံးပြင်ဆင်ထားပြီး အမြင့်ဆုံးဖြစ်တဲ့ ရွှေတံဆိပ်ဆုကို မှန်းထားပါတယ်” ဟု နပန်းအားကစားသမား ကိုဇော်ဇော်အောင်က ပြောသည်။
ယနေ့တွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းတို့ ခေါင်းဆောင်သော အုပ်ချုပ်မှုအဖွဲ့သည် နိုင်ငံကိုယ်စားပြု နပန်းအားကစားအဖွဲ့နှင့်အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် အတူတကွထွက်ခွာသွားကြောင်း သိရသည်။
ဓာတ်ပုံ - ဇွဲမာန် - သစ္စာ(MNA)
