(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ တတိယနေ့ ဆက်လက်ကျင်းပ
(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ တတိယနေ့ ဆက်လက်ကျင်းပ
Ministry of Information/ Naypyitaw / January 23, 2025
ရန်ကုန် ဇန်နဝါရီ ၂၂
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၌ ဆက်လက်ကျင်းပရာ သုတေသနစာတမ်းရှင်များက သုတေသနစာတမ်း (၁၀)စောင်ကို ဖတ်ကြားတင်ပြကြသည်။
နံနက်ပိုင်းတွင် သုတေသနစာတမ်းများကို ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)တို့မှ ကထိကများ၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)မှ သားဖွား၊ မီးယပ်အထူးကုဆရာဝန်၊ တပ်မတော်ဆေးတက္ကသိုလ်မှ အထွေထွေသမားတော်နှင့် ဘွဲ့လွန်သင်တန်းသူများ၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် သုတေသနမှူးများက ဖတ်ကြား တင်သွင်းကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေးအကြံပြုကြသည်။
မွန်းလွဲပိုင်းတွင် လူမှုဘဝနေထိုင်မှုနှင့် အစာအာဟာရစားသောက်မှုပုံစံများ ပြောင်းလဲလာခြင်းနှင့်အတူ မကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှုတိုးတက်များပြားလာသောကြောင့် ယင်းအပြုအမူများကို ဖော်ထုတ်ခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော လူမှုဘဝတိုးတက်လာစေရန်ရည်ရွယ်၍ ကျန်းမာရေးပြဿနာဖြစ်စေနိုင်သည့် အချက်အလက်များဖော်ထုတ်ခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော လူမှုဘဝမြှင့်တင်စေရန်ဆောင်ရွက်ခြင်း- "Promo-ting a Healthy Lifestyle Addressing Health Risk Behaviors" ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပသည်။
နှီးနှောဖလှယ်ပွဲတွင် ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာရဲတင့်လွင်က “အထိုင်လျော့ပါ၊ များများလှုပ်ရှားပါ၊ လေ့ကျင့်ခန်းသည် ဆေးဖြစ်သည်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသီတာဝင်းက “မြန်မာ နိုင်ငံအတွင်း ဆေးရွက်ကြီးထိန်းချုပ်ရေး” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ကျန်းမာရေး ညွှန်ကြားရေးမှူး ဒေါက်တာထွန်းညွန့်ဦးက “လိင်မှ တစ်ဆင့်ကူးစက်တတ်သော ရောဂါများနှင့် HIV ရောဂါကိုကာကွယ်ခြင်းဖြင့် ကျန်းမာရေးကို ထိန်းသိမ်းခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆေးတက္ကသိုလ်(၂) (ရန်ကုန်)တွဲဖက်ပါမောက္ခ ဒေါက်တာမျိုးကျော်သူက “ကျန်းမာရေး ထိခိုက်စေ သော အပြုအမူများကို ဖြေရှင်းနိုင်သော လူနေမှုပုံစံများအား စိတ်ကျန်းမာရေးရှုထောင့်မှ တင်ပြခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြေးမုံထွေးက “အာဟာရသည် ကလေးဘဝမှ အသက်အရွယ်ကြီး သူများအထိ ကျန်းမာရေးကို မည်ကဲ့သို့ထောက်ပံ့ပေးပြီး အန္တရာယ်ရှိသော အပြုအမူများကို မည်ကဲ့သို့ ကာကွယ်ပေးခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်