(၅၅)ကြိမ်မြောက် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော် ကထိန်ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ

(၅၅)ကြိမ်မြောက် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော် ကထိန်ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / November 07, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၆

(၅၅) ကြိမ်မြောက် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော် ကထိန်ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ရေစက်ချမင်္ဂလာအခမ်းအနားသို့ မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ဩဝါဒါစရိယ ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဘဒ္ဒန္တစန္ဒသိရီ (မြို့ရှေ့စန္ဒာရုံကျောင်းတိုက်) အမှူးပြုသည့် ပင့်သံဃာတော်ခြောက်ပါး၊ ကထိန်အာနိသင်ရကျောင်း ၄၉ ကျောင်းမှ သံဃာတော် ၄၉ ပါး စုစုပေါင်း ၅၅ ပါး ကြွရောက်ချီးမြှင့်တော်မူကြသည်။

ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

မွန်းလွဲပိုင်းတွင် ကထိန်ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပရာ မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ဩဝါဒါစရိယ ဆရာတော်က သာရဏီယ ဩဝါဒကထာ ချီးမြှင့်တော်မူသည်။

ထို့နောက် ပဒေသာပင်ခွဲဝေမဲချလှူဒါန်းရေးနှင့် ပတ်သက်၍ မဟာဘုံကထိန် ပဒေသာပင် စုပုံလှူဒါန်းရေးဦးစီးကော်မတီလုပ်ငန်းဥက္ကဋ္ဌ ဦးဇော်လွင်က ရှင်းလင်းလျှောက်ထားသည်။

ယင်းနောက် အခမ်းအနား သို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းက (၅၅)ကြိမ်မြောက် မဟာဘုံကထိန် အထူးပင့်ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြသည်။

ဆက်လက်၍ ကထိန်ဦးစီးကော်မတီဝင်များနှင့် ပုဂ္ဂလိကအလှူရှင်များက အထူးပင့်ဆရာ တော်ကြီးများနှင့် ကထိန်အာနိသင်ရကျောင်းများမှ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ကထိန်အာနိသင်ရ ကျောင်းများကိုယ်စားအလှည့် ကျဆရာတော်ထံမှ ရေစက်သွန်းတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ယနေ့ကျင်းပသည့် (၅၅)ကြိမ်မြောက် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲတွင် ပဒေသာပင် ၁၆၂ ခု၊ တန်ဖိုးငွေကျပ် ၂၇၃၂၈၅၉၀၀ ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,