(၅၉)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ

(၅၉)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ


Ministry of Information/ Naypyitaw / May 24, 2025
image_latest


ရန်ကုန် မေ ၂၃

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်မှုဖြင့် (၅၉)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၄)ကြိမ်မြောက် အာဆီယံ- အမေရိကန် ပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကို မေ ၂၁ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။

အစည်အဝေးဖွင့်ပွဲအခမ်းအနားကို မေ ၂၁ ရက် နံနက်ပိုင်းကကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အာဆီယံဒေသတွင်း ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ကြိုးပမ်းမှု၊ အာဆီယံဒေသတွင်း ပေါင်းစည်းဆက်သွယ်မှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ခံနိုင်ရည်ရှိမှုများကို အတူတကွကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိဉာဉ်ပါအတိုင်း အာဆီယံမျှော်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံ၏ ဘက်စုံပို့ဆောင်ရေး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန် အမျိုးသားသယ်ယူပို့ဆောင်ရေးပင်မစီမံကိန်း (National Transport Master Plan) နှင့်အညီ ဆောင်ရွက်လျက်ရှိမှု၊ အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များအရ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခံနိုင်ရည်ရှိရေးနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဆောင်ရွက်နေမှုများကို ပြောကြားခဲ့သည်။

(၅၉)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို မေ ၂၁ ရက်မှ ၂၂ ရက်အထိလည်းကောင်း၊ (၄)ကြိမ်မြောက် အာဆီယံ-အမေရိကန် ပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကို မေ ၂၃ ရက်တွင်လည်းကောင်း အတည်ပြုထားသည့် အစီအစဉ်များအတိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးကာလအတွင်း အာဆီယံ-နယူး ဇီလန်လေကြောင်းပို့ဆောင်ရေး သဘောတူစာချုပ် အပြီးသတ်လက်မှတ်ရေးထိုးရေး၊ အာဆီယံဒေသတွင်း လျှပ်စစ်မော်တော်ယာဉ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ လမ်းပြမြေပုံအတည်ပြုရေး၊ အာဆီယံဒေသတွင်း သင်္ဘောစွန့်ပစ်ပစ္စည်းများ စဉ်ဆက်မပြတ်စီမံခန့်ခွဲရေးအတွက် မဟာဗျူဟာအတည်ပြုရေး၊ ၂၀၂၆ - ၂၀၃၀ ကာလအတွက် အာဆီယံပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ် အတည်ပြုရေးကိစ္စရပ်များကို အဖွဲ့ဝင်နိုင်ငံများက သုံးသပ်ဆွေးနွေးအတည်ပြုခဲ့ကြသည်။

အစည်းအဝေးများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံဆွေးနွေးဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အားလျော်စွာ ၂၀၂၅ ခုနှစ်အတွင်း သယ်ယူပို့ဆောင်ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,