(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တက်ရောက်

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တက်ရောက်


Ministry of Home Affairs/ နေပြည်တော် / September 26, 2025


   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)တို့၌ အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့် တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း စုစုပေါင်း ၂၆၇ ဦးတို့က တစ်ချိန်တည်း စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

   ထိုသို့ စုပေါင်းသွေးလှူဒါန်းကြသည့် သွေးလှူရှင်တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းများအား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်နှင့်ဇနီး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့်ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးနှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ဇနီးများ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းလှိုင်နှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ထောက်ပံ့ပေးအပ်ကြသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးတို့က (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)တို့သို့ လှူဒါန်းငွေများ အသီးသီးပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

   (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၆ ရက်တွင်လည်း နေပြည်တော်(ခုတင်-၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း ၂၀၈ ဦးတို့က ဆက်လက်စုပေါင်းသွေးလှူဒါန်းကြမည်ဖြစ်သဖြင့် စုစုပေါင်း တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း ၄၇၅ ဦးတို့မှ စုပေါင်းသွေးလှူဒါန်းသွားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။