(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ


Ministry of Home Affairs/ နေပြည်တော် / October 02, 2025
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ “မင်္ဂလာသီရိ” ဟိုတယ်၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အနုပညာရှင်များ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

     အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက မိန့်ခွန်းပြောကြားပြီး စံပြရဲအဆင့်တိုးဆုရရှိသူ အရာရှိ တစ်ဦး၊ အခြားအဆင့် နှစ်ဦးနှင့် စွမ်းရည်သတ္တိအတွက် ရာထူးအဆင့်တိုးဆုရရှိသူ အရာရှိ တစ်ဦး၊ စွမ်းဆောင်မှုအတွက် ရာထူးအဆင့်တိုးဆုရရှိသူ အရာရှိ လေးဦးတို့အား ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အနုပညာရှင်ကိုယ်စားလှယ် တစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

     ယင်းနောက် ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် ဝင်းဗိုလ်က စွမ်းရည်သတ္တိအတွက် ရာထူးအဆင့်တိုးဆုရရှိသူ အခြားအဆင့် တစ်ဦး၊ စွမ်းဆောင်မှုအတွက် ရာထူးအဆင့်တိုးဆုရရှိသူ အခြားအဆင့် ကိုးဦး၊ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် မျိုးမင်းထိုက်က ရုံးဝန်ထမ်းထူးချွန်ဆုရရှိသူ တပ်ဖွဲ့ဝင် ခုနစ်ဦးနှင့် ဝတ်စားဆင်ယင်မှုအကောင်းဆုံးဆုရ တပ်ဖွဲ့ဝင် ခြောက်ဦး၊ ရဲချုပ်၏ဇနီးက အမျိုးသမီး စွမ်းဆောင်ရှင်ဆုရရှိသူ အမျိုးသမီး တစ်ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

     ထို့နောက် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် VIDEO CLIP အား ပြသခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ရဲအရာရှိကြီးများနှင့် ဇနီးများသည် ဆုရရှိသူများ၊ အနုပညာရှင်ကိုယ်စားလှယ် တစ်ဦးတို့နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။