(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ
Ministry of Information/ Naypyitaw / January 03, 2022

နေပြည်တော် ဇန်နဝါရီ ၃
၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Sports Complex)ရှိ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများ၌ ဆက်လက်ကျင်းပသည်။
အဆိုပါပြိုင်ပွဲများသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီး ဌာနအသင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန အသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတို့တွင် အကောင်းဆုံး စပေးဘော ဆု၊ အကောင်းဆုံးပင့်ထောင်ဆု၊ အကောင်းဆုံးရိုက်ခုပ်ဆု၊ အကောင်းဆုံးပိတ်ဆို့ဆု၊ အကောင်းဆုံး ခုခံဆယ်မဆု၊ ပွဲစဉ်တလျှောက် အကောင်းဆုံး အားကစားသမားဆု ရရှိကြသူများကို ဆုတံဆိပ်နှင့် ဆုငွေကျပ်(၁)သိန်းစီ ချီးမြှင့်သည်။
ဆက်လက်၍ ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ဘော်လီဘော (အမျိုးသမီး) ပြိုင်ပွဲ ဒုတိယဆုရ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပထမဆုရ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်းကောင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ဒုတိယဆုရ ပြည်ထဲရေးဝန်ကြီးဌာန အသင်းနှင့် ပထမဆုရ ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း ဆုများချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးပြီး ဒုတိယဆုရ ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ ပထမဆုရ ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကလည်းကောင်း ဆုများချီးမြှင့်သည်။
ထို့နောက် ဖူဆယ်အားကစားရုံ၌ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးပြီး ဒုတိယဆုရ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပထမဆုရ ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင် က ဆုများချီးမြှင့်သည်။
ဇန်နဝါရီ ၄ ရက်တွင် နံနက် (၇) နာရီမှစ၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အပြေး(ကျား/မ) မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀ ပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နံနက်(၈)နာရီမှစ၍ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ လွန်ဆွဲ (အမျိုးသား) တတိယလုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ လွန်ဆွဲ(အမျိုးသား) ဗိုလ်လုပွဲစဉ် အဖြစ် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ လွန်ဆွဲ(အမျိုးသမီး) တတိယလုပွဲ ပွဲစဉ်အဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အသင်း၊ လွန်ဆွဲ (အမျိုးသမီး) ဗိုလ်လုပွဲစဉ်အဖြစ် သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ထို့ပြင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ထုပ်ဆီးတိုး (အမျိုးသမီး) တတိယလုပွဲ ပွဲစဉ်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အသင်းတို့မှလည်းကောင်း၊ (ဗိုလ်လုပွဲ) ပွဲစဉ်အဖြစ် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့မှ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)