(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇွဲကပင်တောင်တက်/တောင်ဆင်းပြိုင်ပွဲကျင်းပ
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇွဲကပင်တောင်တက်/တောင်ဆင်းပြိုင်ပွဲကျင်းပ
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / January 01, 2023
ဘားအံ - ဇန်နဝါရီ (၁)
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဇွဲကပင် တောင်တက်/တောင်ဆင်းပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်က ဇွဲကပင်တောင်အရှေ့ခြမ်း၊ သစ်ချကျေးရွာ အဝင်လမ်း၊ တံတားဖြူအနီးမှ စတင်တာလွှတ်သည်။
အဆိုပါပြိုင်ပွဲကို ကရင်ပြည်နယ်၏ အထင်ကရဖြစ်သည့် ဇွဲကပင်တောင်၏ ပြုပြင်ဖန်တီးထားခြင်းမရှိသော သဘာဝအလှအပများကို သိရှိခံစားနိုင်စေရန်၊ ခြေလျင်တောင်တက်အားကစားကို လူအများစိတ်ပါဝင်စားလာစေရန် နှင့် တောင်တက်အားကစားနည်းကိုလေ့လာလိုက်စားဆောင်ရွက်ခြင်းဖြင့် ပြည်နယ်သူ၊ပြည်နယ်သားများ ပိုမိုကျန်းမာ ကြံ့ခိုင်လာစေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသက်(၄၀)နှစ်အထက် အမျိုးသား/အမျိုးသမီးပြိုင်ပွဲ၊ အသက်(၄၀) နှစ်အောက် အမျိုးသား/အမျိုးသမီးပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား(၄)မျိုးခွဲ၍ ယှဉ်ပြိုင်စေခဲ့ရာ အသက်(၄၀)နှစ်အောက် အမျိုးသား ၄၄၃ ဦး၊ အမျိုးသမီး ၅၀၈ ဦး၊ အသက်(၄၀)နှစ်အထက် အမျိုးသား ၁၁၃ ဦး၊ အမျိုးသမီး ၇၉ ဦး စုစုပေါင်း အားကစားသမား ၁၁၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲအား ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးစိုးလွင်က ဇွဲကပင်တောင်အရှေ့ခြမ်း သစ်ချ ကျေးရွာ တံတားဖြူအနီးတွင် သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ရာ ပြိုင်ပွဲဝင်တောင်တက်အားကစားသမားများက အမြင်ပေ ၂၇၃၄ ပေရှိ မတ်စောက်မြင့်မားသောတောင်ကိုကျော်၍ ဇွဲကပင်အနောက်ခြမ်း တော်ပုံကျေးရွာ လုမ္ဗိနီ ဥယျာဉ်ရှေ့ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ ဘောလုံးကွင်း၌ပန်းဝင်ကြရာ အသက်(၄၀)နှစ်အောက်အမျိုးသား ပြိုင်ပွဲတွင် စံချိန် ၁ နာရီ ၅ မိနစ်၊ အမျိုးသမီးပြိုင်ပွဲတွင် စံချိန် ၁ နာရီ ၂၃ မိနစ်၊ အမျိုးသား(၄၀)နှစ်အထက်အမျိုးသား ပြိုင်ပွဲတွင် ၁ နာရီ ၁၅ မိနစ်၊ အမျိုးသမီးပြိုင်ပွဲတွင် ၁ နာရီ ၃၈ မိနစ်တို့၌ အသီးသီးပန်းဝင်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က ဇွဲကပင်တောင် တက်/တောင်ဆင်းပြိုင်ပွဲတွင် အသက်အကြီးဆုံးဖြင့်ပါဝင်ယှဉ်ပြိုင်သော အသက် ၇၈ နှစ်မှ ၆၀ နှစ်ထိ အဘိုး ၇ ဦးအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၏ဇနီးဒေါ်နန်းမြင့်မြင့်အေးက အသက် ၇၀ မှ ၅၁ နှစ်ထိ အဘွား ၇ ဦးတို့အား ဂုဏ်ပြုဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ဇွဲကပင်တောင်တက်/တောင်ဆင်းပြိုင်ပွဲတွင် အသက်အပိုင်းအခြား၊ ပြိုင်ပွဲအမျိုးအစားအလိုက် ပထမဆုမှ နှစ်သိမ့်ဆုထိ ဆုပေါင်း(၂၀)ဆုမှ (၃၅)ဆုထိချီးမြှင့်ပေးခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများက အသက်အပိုင်းအခြားပြိုင်ပွဲအလိုက် ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီး၏ ဇနီးက အသက်(၄၀)နှစ်အထက်အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုမှပဥ္စမဆုရရှိသူများအား ငွေသားဆုနှင့်ဆုဖလားများကို လည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က အသက်(၄၀)နှစ်အထက် အမျိုးသားပြိုင်ပွဲတွင် ပထမဆုမှပဥ္စမဆုရရှိသူများအားငွေသားဆုနှင့်ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၏ ဇနီး က အသက်(၄၀)နှစ်အောက် အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုမှပဥ္စမဆုရရှိသူများအား ငွေသားဆုနှင့်ဆုဖလားများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်က အသက်(၄၀)နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ပထမဆုမှပဥ္စမဆု ရရှိသူများအား ငွေသားဆုနှင့်ဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။