(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု ကွန်ကရစ်လမ်းနှင့် ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကျင်းပ

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု ကွန်ကရစ်လမ်းနှင့် ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / February 11, 2025
image_latest


ရန်ကုန် ဖေ‌ဖော်ဝါရီ ၁၀

      (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန်လျင်မြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဘုရားကုန်းကျေးရွာ အဝင်လမ်းများ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မင်္ဂလွန်းကျေးရွာ ကုန်ထုတ်လမ်းခင်းခြင်းဖွင့်ပွဲ အခမ်းအနားများကို ယနေ့ နံနက်ပိုင်းက သတ်မှတ်နေရာ အသီးသီးတွင် ကျင်းပကြသည်။

      ရှေးဦးစွာ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများက ဘုရားကုန်းကျေးရွာအဝင်လမ်းများ ကွန်ကရစ်လမ်းခင်းခြင်းနှင့် မင်္ဂလွန်းကျေးရွာကုန်ထုတ်လမ်းခင်းခြင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ကျေးရွာနေ ရပ်မိ၊ ရပ်ဖများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။

      ထို့နောက် ဘုရားကုန်းကျေးရွာအဝင်လမ်းများ ကွန်ကရစ်လမ်းခင်းခြင်းနှင့် မင်္ဂလွန်းကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားများကို တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

        အဆိုပါ ဘုရားကုန်းကျေးရွာအဝင် မြေသားလမ်းမှာ အရှည် ၃၃၈၇ ပေ၊ အကျယ် ၂၀ပေ ရှိပြီး အမှတ်(၆)လမ်းမကြီးနှင့် လည်းကောင်း၊ သန်လျင်ကျောက်တန်း လမ်းနှင့်လည်းကောင်း ချိတ်ဆက်အသုံးပြုသော လမ်းဖြစ်ပြီး မိုးရာသီတွင် သွားလာရခက်ခဲသည့်အတွက် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။ အလားတူ မင်္ဂလွန်းကျေးရွာ ကုန်ထုတ် ဂဝံလမ်းမှာ အရှည် ၁၂၄၉၅ ပေ၊ အကျယ် ၁၂ပေ ရှိပြီး မင်္ဂလွန်းကျေးရွာအပြင် ရုံးသပြေကန်ကျေးရွာ၊ ညောင်ဝိုင်း ကျေးရွာ၊ ပေါက်တောကျေးရွာနှင့် ဘော့သပြေကန် ကျေးရွာများမှ ကျေးရွာနေပြည်သူများအတွက် အချိန်တိုတို၊ ကုန်ကျစရိတ် အနည်းဆုံးဖြင့် ထွက်ကုန်ပစ္စည်းများကို မြို့ပေါ်သို့လျင်မြန်စွာ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါလမ်းများကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)