ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက် အမှာစကားပြောကြား

ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက် အမှာစကားပြောကြား


/ Naypyitaw / September 28, 2018


နေပြည်တော်၊ စက်တင်ဘာ (၂၈)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် စက်တင်ဘာလ (၂၇)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီးခုတင် (၁၀၀၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

- မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် နှလုံးနှင့်သွေးကြောရောဂါများအပါအဝင် မကူးစက်တတ်သောရောဂါများဖြစ်ပွားမှုများပြားလာလျက်ရှိပြီး နှလုံးနှင့်သွေးကြောရောဂါများကြောင့် ရုတ်တရက်သေဆုံးမှု များလည်း ဖြစ်ပွားစေနိုင်ကြောင်း၊

- နှလုံးနှင့်သွေးကြောရောဂါများဖြစ်ပွားမှု၏ (၇၅) ရာခိုင်နှုန်းခန့်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိပြီး ကမ္ဘာတွင် နှစ်စဉ် နှလုံးနှင့်သွေးကြောရောဂါလူနာပေါင်း (၁၇.၇) သန်းခန့်သေဆုံးလျက်ရှိကြောင်း၊

- ယနေ့ကျင်းပပြုလုပ်သော ကမ္ဘာ့နှလုံးရောဂါနေ့အခမ်းအနားသည် နှလုံးနှင့်သွေးကြောရောဂါများကို ပြည်သူများပိုမိုသတိပြုမိစေရန်နှင့် ရောဂါဖြစ်ပွားစေတတ်သောအကြောင်းအရာများ သတိပြုရှောင်ကြဉ်နိုင် စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊

- ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် World Heart Federation တို့ပူးပေါင်း၍ (၂၀၀၀) ခုနှစ်မှ စတင်ကာ နှစ်စဉ် စက်တင်ဘာလ (၂၉)ရက်နေ့ကို ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အဖြစ်သတ်မှတ်ဆောင်ရွက် ခဲ့ကြောင်း၊

- ဝန်ကြီးဌာနအနေဖြင့် မကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း၊

- မကူးစက်တတ်သောရောဂါများအပါအဝင် ရောဂါအမျိုးမျိုးကို ကာကွယ်နိုင်ရန်အတွက် ပြည်သူများတွင် ကျန်းမာရေးအသိပညာမြင့်မားရန်လိုအပ်ကြောင်း၊

- ယနေ့ အခမ်းအနားတွင် အထူးကုဆရာဝန်ကြီးများမှ ပြည်သူများအား နှလုံးနှင့်သွေးကြောရောဂါများဆိုင်ရာ ကျန်းမာရေးအသိပညာများ ဟောပြောခြင်းသည် ပြည်သူများ၏ ကျန်းမာရေးအသိပညာကို တိုးတက်စေနိုင်မည်ဖြစ်သဖြင့် ကောင်းမွန်ပါကြောင်း၊

- ယခုကဲ့သို့ ကျန်းမာရေးအသိပညာပေး ဟောပြောမှုများကို လာရောက်နားထောင်သူများသာမကဘဲ တစ်နိုင်ငံလုံးရှိပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေး အသိပညာပေးဟောပြောမှုများကို ရုပ်သံ (video) ရိုက်ကူး၍ အင်တာနက်ဝက်ဘ်ဆိုက် (youtube)တွင် ထည့်သွင်းထုတ်လွှင့်သွားမည်ဖြစ်ကြောင်း၊

- နှလုံးနှင့်သွေးကြောရောဂါများအား အဆီများသော၊ အငန်များသော အစားအစာများကို ရှောင်ကြဉ်ခြင်း၊ ဆေးလိပ်နှင့်အရက်သောက်သုံးခြင်းကိုရှောင်ကြဉ်ခြင်း၊ “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး”ဆိုသကဲ့သို့ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်း စသည့် နေထိုင်စားသောက်မှုပုံစံများဖြင့် ကျင့်သုံး ကာကွယ်ရမည်ဖြစ်ကြောင်း၊

- ယခု (၂၀၁၈)ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့၏ ဆောင်ပုဒ်များ “My heart, your heart for all our hearts” ဖြစ်ကြောင်း၊

- နှလုံးနှင့်သွေးကြောရောဂါ အပါအဝင်ရောဂါများကို ကာကွယ်နိုင်ရန်လုပ်ငန်းများအတွက် တစ်ဦးချင်းစီ၌ ကိုယ်စီတာဝန်ရှိကြောင်း၊

- ပြည်သူများအနေဖြင့် မိမိတို့၏ကျန်းမာရေးအတွက် ကျန်းမာရေးနှင့်ကိုက်ညီသော နေထိုင်စားသောက်မှုပုံစံများကို တစ်ဦးချင်းစီ သံဓိဌာန်ချ၍ သတိပြုဆောင်ရွက်ခြင်း၊ မိမိတို့၏ မိသားစုများ၊ ဆွေမျိုးများနှင့် မိတ်ဆွေများကိုလည်း ကျန်းမာရေးနှင့်ညီညွှတ်စွာနေထိုင်နိုင်စေရန် ကျန်းမာရေးအသိပညာများဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် မိမိသာမက မိမိ၏မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများပါ ကျန်းမာရေး ကောင်းမွန်လာကြမည်ဖြစ်ကြောင်း၊

- အစားအသောက်ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များကို ထုတ်လုပ်ဖြန့်ဖြူးမှုကို ရှောင်ကြဉ်ခြင်းဖြင့် နှလုံးနှင့်သွေးကြောရောဂါများ အပါအဝင် မကူးစက်တတ်သောရောဂါများကာကွယ်နိုင်ရန်အတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီနိုင်သဖြင့် ယင်းတို့၏အခန်းကဏ္ဍမှာလည်းအရေးကြီးကြောင်း၊

- နှလုံးကျန်းမာရေးလုပ်ငန်းများသည် ရေရှည်စွဲမြဲလုပ်ဆောင်သွားရမည့် လုပ်ငန်းများဖြစ်သဖြင့် ဝန်ကြီးဌာန၊ ပြည်သူများ၊ လုပ်ငန်းရှင်များ အားလုံးက ကိုယ်စီတာဝန်များကို သံဓိဌာန်ချဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


    ဆက်လက်၍ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)၊ ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာတင့်တင်ကြည်က “ဆေးလိပ်၊ ဆေးရွက်ကြီး အန္တရာယ် တို့ကာကွယ်” ခေါင်းစဉ်ဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး၏ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ဆိုးကျိုးများကိုလည်းကောင်း၊ တွဲဖက် ပါမောက္ခ ဒေါက်တာကျော်ကျော်ဦးက “Hypertension - Silent Killer” ခေါင်းစဉ်ဖြင့် သွေးတိုးရောဂါ ဖြစ်ပွားစေနိုင်သော အကြောင်းအရာများ၊ ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများနှင့် ရောဂါဖြစ်ပွားပါက စနစ်တကျကုသမှုခံယူရန်အချက်များကိုလည်းကောင်း၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ နှလုံးရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာသက်လယ်ဆွေအေးက “My heart, Your heart, Make your promise”ခေါင်းစဉ်ဖြင့် နှလုံးရောဂါဖြစ်ပွားစေနိုင်သော အကြောင်းအရာများ၊ ရောဂါကြိုတင်ကာကွယ်ရန် နေထိုင်စားသောက်မှုပုံစံများနှင့် ရောဂါဖြစ်ပွားပါက စနစ်တကျကုသမှု ခံယူနိုင်ရန်အချက်များကိုလည်းကောင်း ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် ကျန်းမာရေးအသိပညာပေး ဟောပြောမှုများပြုလုပ်ခဲ့ပါသည်။


     အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးခုတင် (၁၀၀၀)၊ ဆေးရုံအုပ်ကြီး ဒေါက်တာပပ၊ ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ ဥက္ကဌ ဒေါက်တာစန်းစန်းမြင့်အောင်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဒေါ်ခင်မေစိုး၊ နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်များ၊ ဆရာဝန်များ၊ အလုပ်သင်ဆရာဝန်များ၊ သူနာပြုများ၊ ပြည်သူများ တက်ရောက်ခဲ့ပါသည်။

HOT NEWS
January 4,