ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု လှဖိုးခေါင် ယာယီလက်ခံရေးစခန်းနှင့် ကညင်ချောင်း အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းတို့၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု လှဖိုးခေါင် ယာယီလက်ခံရေးစခန်းနှင့် ကညင်ချောင်း အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းတို့၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး


Ministry of Information/ မောင်တော / December 23, 2018
image_latest


မောင်တော ဒီဇင်ဘာ ၂၃

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုသည် ယနေ့တွင် လှဖိုးခေါင် ယာယီလက်ခံရေး စခန်းနှင့် ကညင်ချောင်း အထူးစီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းတို့၏ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကြိမ်ချောင်း ကျေးရွာမှ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်၊ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် လှဖိုးခေါင် ယာယီလက်ခံရေးစခန်းသို့ သွားရောက်ပြီး လူနေအိမ်များ ဆောက်လုပ်ပြီးစီး မှု၊ လမ်းများဖောက်လုပ်ပြီးစီးမှု၊ လျှပ်စစ်မီးနှင့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်ထား ရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များသည် စီမံကိန်းရှင်းလင်း ဆောင်သို့ ရောက်ရှိရာ ယာယီလက်ခံရေး စခန်းတာဝန်ခံ ဦးစိုးရွှေအောင်က ယာယီ လက်ခံရေးစခန်း၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ၊ အဆောက်အဦများ ဆောင်လုပ်ပြီးစီးမှု၊ လျှပ်စစ်မီးနှင့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်ထားရှိမှု၊ ရိက္ခာ များသိုလှောင်ထားရှိမှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးစောင့် ရှောက်မှုအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ ကညင်ချောင်း အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းသို့ရောက်ရှိပြီး အထူးစီးပွားရေးဇုန် အတွင်း ပစ္စည်းသိုလှောင်ရုံနှင့် အဆောက်အဦများ ဆောက်လုပ်ပြီးစီးမှုနှင့် လမ်းများ ဖောက်လုပ်ပြီးစီးမှုနှင့် စီမံကိန်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ ကညင်ချောင်း အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းသိန်းက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ရန်ပုံငွေ အခြေအနေ၊ စီမံကိန်း သတ်မှတ်ကာလ၊ လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ ကြိမ်ချောင်းကျေးရွာသို့ ရောက်ရှိပြီး အဆိုပါကျေးရွာမှ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဝန်ကြီးချုပ်က ကျေးရွာသူ ကျေးရွာသားများ၏ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အခြေအနေများကို သိရှိပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးရန် ယခုကဲ့သို့ လာရောက် တွေ့ဆုံခြင်း ဖြစ်သောကြောင့် မိမိတို့၏ အခက်အခဲများနှင့် လိုအပ်ချက်များ ပွင့်ပွင့်လင်းလင်း တင်ပြကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကျေးရွာသူ ကျေးရွာသားများက စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများကို တင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးကြသည်။

ညနေပိုင်းတွင် ဝန်ကြီးချုပ်သည် မင်းကြီးကျေးရွာသစ်သို့ ရောက်ရှိပြီး ကျေးရွာသူ ကျေးရွာသားများ နေထိုင်စားသောက်မှု အခြေအနေ၊ စာသင်ကျောင်း ဆောက်လုပ်ပြီးစီးမှုနှင့် ဘုန်တော်ကြီးကျောင်း ဆောက်လုပ်ရန် မြေနေရာတို့အား ကြည့်ရှုပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်းကြီးဆရာတော် ဦးနန္ဒောဘာသ နှင့် ဝက်ကျိန်းတောရ ဆရာတော် ဦးဓမ္မသေနတို့အား ဖူးမြော်ပြီး သမိုင်းဝင် ဝက်ကျိန်း ဓါတ်တော်စေတီသို့ သွားရောက် ဖူးမြော်ကြည်ညိုသည်။

သတင်း- မော်စီ၊ ကိုမင်း

ဓာတ်ပုံ- တင်စိုး၊ သက်လွင်စိုး