ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ပဲခူး တိုင်းဒေသကြီးအတွင်းရှိ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့၏ သစ်တောစိုက်ခင်းများ စစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ပဲခူး တိုင်းဒေသကြီးအတွင်းရှိ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့၏ သစ်တောစိုက်ခင်းများ စစ်ဆေး
Ministry of Information/ နေပြည်တော် / December 23, 2018
နေပြည်တော် ဒီဇင်ဘာ ၂၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဒီဇင်ဘာ ၂၂ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး မိုင်တိုင်အမှတ် (၈၇/၆) အနီး၊ အိုင်တုံ ကွန်းကြိုးဝိုင်း၊ အကွက်အမှတ် (၇၇) အတွင်းရှိ ရဲနွယ်သစ်တောပျိုး ဥယျာဉ်အတွင်း စိုက်ပျိုးတည်ထောင်ထားသော ဝါးစိုက်ခင်း (၁ ဒသမ ၅)ဧက နှင့် သီးနှံသစ်တောရောနှောစိုက် ပျိုးထားသည့် စမ်းသပ်စိုက်ခင်း(၁)ဧကတို့အား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် သာယာဝတီ ခရိုင်၊ မင်းလှမြို့နယ်နှင့် ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တို့ ဆက်သွယ်ထားသော မင်းလှ-စိန်ကန့်လန့်-မြို့ချောင်း ပဲခူးရိုးမဖြတ်လမ်း မိုင် တိုင်အမှတ် (၁၆/၄)အနီး၊ မုက္ခာကြိုးဝိုင်း၊ အကွက်အမှတ် (၅၀)အတွင်းရှိ မြန်မာနိုင်ငံ သစ်တောများ ပြန် လည်တည်ထောင်ရေး (၁၀)နှစ်စီမံကိန်းအရ ၂၀၁၇ ခုနှစ် မိုးရာသီ တွင် စိုက်ပျိုးတည်ထောင် ထားသော စီးပွားရေး စီးပွားရေးကျွန်း(၁/၂၀၁၇) ဧက(၁၀၀) စိုက်ခင်းအား လည်းကောင်း၊ ၂၀၁၈ခုနှစ် မိုးရာသီတွင် စိုက်ပျိုး တည်ထောင်ထားသော စီးပွားရေးကျွန်း (၁/၂၀၁၈) ဧက(၁၂၅) စိုက်ခင်းနှင့် စိုက်ခင်းအတွင်း တောင်ယာမီးရှို့ခြင်း မရှိသောနည်းစနစ် (Zero Burning) ဖြင့် စမ်းသပ်စိုက်ပျိုး ထားသော ကျွန်းစိုက်ခင်း (၅)ဧက၊ ကျွန်းနှင့် ပျဉ်းကတိုးသစ်မျိုး ရောနှောစိုက်ပျိုးထားသော ဧက(၃၀)တို့အား လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ မင်းလှ-စိန်ကန့်လန့်-မြို့ချောင်းလမ်း မိုင်တိုင်အမှတ်(၈/၆) မုက္ခာဆည်အနီးတွင် တည်ရှိသော မြန်မာ့သစ်လုပ်ငန်း၊ ဆင်ထိန်းသိမ်းရေး အခြေပြုခရီးသွား စခန်းတစ်ခုဖြစ်သည့် မုက္ခာရေတံခွန် ဆင်စခန်းအားသွားရောက် ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ ဆင်စခန်းသည် မင်းလှမြို့နယ်၊ မုက္ခာကြိုးပြင် ကာကွယ်တော အတွင်းကျရောက်ပြီး ဆင်စခန်းဧရိယာနှင့် ဆင်စားကျက်ဧရိယာ စုစုပေါင်း ဧက (၁၄၀) ကျယ်ဝန်းပြီး ဇန်နဝါရီ ၄ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ ကြေးနီချောင်းကြိုးဝိုင်း အကွက်အမှတ် (၉၄)အတွင်း မြန်မာ့သစ်လုပ်ငန်း၊ သာယာဝတီဒေသ၊ ဆင်ထိန်းသိမ်းရေး အခြေပြု ခရီး သွားလုပ်ငန်းမှ ၂၀၁၈ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် စီးပွားရေးကျွန်းစိုက်ခင်း (၁/၂၀၁၈) ဧက(၅၀)အား ကြည့်ရှုစစ်ဆေး သည်။
ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ကောလိယကြိုး ဝိုင်း၊ အကွက်အမှတ်(၃၁)အတွင်း သစ်တောဦးစီးဌာနမှ မြန်မာနိုင်ငံ သစ်တောများပြန်လည်တည်ထောင်ရေး (၁၀)နှစ် စီမံကိန်းအရ ၂၀၁၈ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် စီးပွားရေးစိုက်ခင်း (၂/၂၀၁၈) ဧက(၅၀) စိုက်ခင်း အားလည်းကောင်း၊ ကောလိယကြိုးဝိုင်း၊ အကွက်အမှတ် (၃၈/၃၉)အတွင်း ၂၀၁၇ခုနှစ် မိုးရာသီတွင် စိုက်ပျိုး တည်ထောင်ထားသည့် စီးပွားရေးကျွန်းစိုက်ခင်း (၁/၂၀၁၇) ဧက(၁၅၀)အားလည်းကောင်း၊ ကောလိယကြိုး ဝိုင်း၊ အကွက်အမှတ် (၃၈) အတွင်း ဝါးဘိုးဝါးစမ်းသက် စိုက်ခင်းအားလည်းကောင်း၊ ကောလိယကြိုးဝိုင်း၊ အကွက် အမှတ် (၃၈)အတွင်း ၂၀၁၈ ခုနှစ် မိုးရာသီတွင် စိုက်ပျိုး တည်ထောင်ထားသည့် စီးပွားရေးစိုက်ခင်း (၁/၂၀၁၈) ဧက(၁၀၀) စိုက်ခင်းအား လည်းကောင်းကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၀၅) အနီး မြန်မာ့သစ်လုပ်ငန်း၊ ဆင်ထိန်းသိမ်းရေး အခြေပြု ခရီးသွားစခန်း တစ်ခုဖြစ်သည့် မှော်ယောကြီးဆင်စခန်းအနီး အိုင်တုံကွန်းကြိုးဝိုင်း၊ အကွက်အမှတ် (၁၃)အတွင်း မြန်မာ့ သစ်လုပ်ငန်း ပဲခူးဒေသ၊ ဆင်ထိန်းသိမ်းရေး အခြေပြု ခရီးသွားလုပ်ငန်းမှ ၂၀၁၈ ခုနှစ် မိုးရာသီတွင် စိုက်ပျိုး တည်ထောင်ထားသည့် စီးပွားရေး ကျွန်းစိုက်ခင်း (၁/၂၀၁၈)ဧက(၅၀)အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)
