မြန်မာ-ဂျပန် ဂီတပွဲတော်သို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး တက်ရောက်

မြန်မာ-ဂျပန် ဂီတပွဲတော်သို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး တက်ရောက်


Amyotha Hluttaw/ နေပြည်တော် / January 25, 2019


ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းမှ ဂီတပညာရှင်များနှင့် ဂျပန်နိုင်ငံမှ ဂီတပညာရှင်များ ပူးပေါင်းဖျော်ဖြေတင်ဆက်သည့် မြန်မာ-ဂျပန် ဂီတပွဲတော်ကို (၂၃.၁.၂၀၁၉)ရက်နေ့ ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပသည်။

ဂီတပွဲတော်သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ဂျပန်သံရုံးမှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုများ၊ ဂီတဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

ဂီတပွဲတော်တွင် ဂျပန်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ကိုးသောင်းတန်ဖိုးရှိ ဂီတတူရိယာပစ္စည်း(၁၉)မျိုး လွှဲပြောင်းလှူဒါန်းခဲ့သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro Maruyama က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးထံ ပေးအပ်သည်။

ယင်းနောက် မြန်မာ-ဂျပန် ဂီတပွဲတော်ကို မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံတို့၏ နိုင်ငံတော်သီချင်းများတီးခတ်၍ စတင်ဖွင့်လှစ်ပြီး ဂီတမှူး မစ္စတာ ယူနိုဆူကဲယာမာမိုတိုနှင့် နိုင်ငံတော်သံစုံတီးဝိုင်းအဖွဲ့တို့က တေးသွားများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ဂျပန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ(ရန်ကုန်)မှ မစ္စတာဆာတိုက ဂျပန်ရိုးရာ တူရိယာပစ္စည်းများအကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သံစုံတီးဝိုင်းမှ ဂီတပညာရှင်များ၊ ဂျပန်နိုင်ငံမှ ဂီတပညာရှင်များနှင့် ဂီတမိတ်အဖွဲ့မှ အနုပညာရှင်များက မြန်မာ-ဂျပန် ရိုးရာတေးသွားများကို တီးခတ် သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။

ဂီတပွဲတော် ဖျော်ဖြေတင်ဆက်မှုအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဂီတမှူး မစ္စတာ ယူနိုဆူကဲယာမာမိုတို ကို ဂုဏ်ပြုပန်းစည်း ပေးအပ်သည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက စန္ဒယားပညာရှင် မစ္စ ကျိုကိုခိုယာမာ ကို ဂုဏ်ပြုပန်းစည်း ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့က ဂျပန်ရိုးရာ တူရိယာအဖွဲ့၊ ဂျပန်သံစုံ ဂီတပညာရှင်အဖွဲ့၊ ဂီတမိတ် Choir အဖွဲ့၊ အင်းစိန် Choir အဖွဲ့၊ နိုင်ငံတော်သံစုံတီးဝိုင်း နှင့် နိုင်ငံတော်ဆိုင်းဝိုင်းကြီးတို့အား ဂုဏ်ပြုပန်းစည်းများ ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ ဂီတပညာရှင်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယနေ့ကျင်းပသည့် ဂီတပွဲတော်ကြီးကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့်အတူ ဂျပန်ဖောင်ဒေးရှင်းတို့က ပူးပေါင်းဖျော်ဖြေတင်ဆက်ခြင်းဖြစ်ပြီး မြန်မာ-ဂျပန် ဂီတပွဲတော်တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ နိုင်ငံတော်သံစုံတီးဝိုင်းအဖွဲ့နှင့်အတူ ဂီတမှူး မစ္စတာ ယူနိုဆူကဲယာမာမိုတိုနှင့် စန္ဒယားပညာရှင် မစ္စကျိုကိုခိုယာမာ၊ ဂျပန်ရိုးရာ ဂီတပညာရှင်များ၊ ဂီတမိတ်အဖွဲ့မှ အနုပညာရှင်များ ပူးပေါင်းတင်ဆက် ဖျော်ဖြေခဲ့ကြခြင်းဖြစ်သည်။

HOT NEWS
January 4,