ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကျင်းပ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကျင်းပ


Ministry of Information/ Nay Pyi Taw / February 20, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၀

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း ၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့တော်တွင် ပြေးလမ်းတိုးချဲ့လျက်ရှိသော လေယာဉ်ကွင်း အား မည်သည့်ခုနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က လွိုင်ကော်လေဆိပ် အဆင့်မြှင့်တင်မည့် စီမံကိန်း အဆိုပြုချက်ကို စီမံကိန်းဆိုင်ရာ ညွှန်ကြားချက်ပါ စည်းမျဉ်းနှင့် စံသတ်မှတ်ချက်များအရ စိစစ်မှုခံယူ၍ ပြည့်မီပါက နိုင်ငံတော် က ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်နိုင်ချေ လေ့လာဆန်းစစ်မှု ဆောင်ရွက်ခြင်း၊ လက်ရှိလေဆိပ်အဆောက်အအုံကို အတိုင်ပင်ခံ ကုမ္ပဏီ ငှားရမ်း၍ တန်ဖိုးဖြတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထို့နောက် Request for Proposal (RFP) ရေးဆွဲ၍ တင်ဒါအဆိုပြုချက်များ ခေါ်ယူခြင်း၊ တင်ဒါ စိစစ်ရွေးချယ် ခြင်း စသည့် တင်ဒါ လုပ်ငန်းစဉ်များဆောင်ရွက်ပြီး နောက် စာချုပ်ညှိနှိုင်းချုပ်ဆို၍ လုပ်ငန်းစဉ် အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေ ကြားသည်။

 

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လအတွင်း မိုးသည်း ထန်စွာ ရွာသွန်းခြင်းနှင့် တောင်ကျရေများ ဖြတ်သန်းစီးဆင်းသွားသော ချောင်းများတစ် လျှောက် ရေတိုက်စားမှုဖြစ်ကာ ချောင်းကမ်းပါးပြိုကျမှုများအား မည်သို့ စီစဉ်ဆောင်ရွက် ထားသည် ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက အုတ်ဖို မြို့နယ်အတွင်း စီးဆင်းနေသော ချောင်းများတွင် ရေတိုက်စားကမ်းပြိုမှုများနှင့် ပတ်သက်၍ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒေသ(၃)၊ ပဲခူးတိုင်းဒေသကြီးရုံးက ကွင်းဆင်းတိုင်းတာ စစ်ဆေးခဲ့ရာ မြောင်ချောင်းအထက်ပိုင်းရှိ ချောင်းနွားရွာမှ ချောင်းအောက်ပိုင်းရှိ ချောင်းခွကျေးရွာအထိ ချောင်းကွေ့ပေါင်း(၂၀) ခန့်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပါကြောင်း၊ ၎င်းချောင်းကွေ့(၂၀) အနက်မှ နေရာ(၆) နေရာတွင် ချောင်းကွေ့ ဖြောင့်ခြင်းလုပ်ငန်းနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်သင့်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရပါကြောင်း။

 

ထို့ပြင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကွင်းဆင်း တိုင်းတာစစ် ဆေးချက်များအရ ဂမုန်းချောင်းအထက်ပိုင်း ဆင်ဂေါင်း ကညာတန်းရွာအနီးမှ ဂမုန်း ချောင်းအောက်ပိုင်း အုတ်ဖိုမြို့သစ်အနီးထိ ချောင်းကွေ့ ပေါင်း(၇)ခုရှိသည်ကို တွေ့ရှိရ ပြီး ၎င်းတို့အနက်မှ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်သင့်သောနေရာ(၂) နေရာ စစ်ဆေးတွေ့ရှိခဲ့ရပါကြောင်း။

 

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ပါဝင်ခြင်း မရှိပါသဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ဆောင်ရွက်သင့်သည့် အသေးစိတ်လုပ်ငန်းအစီအမံများနှင့် ခန့်မှန်း ကုန်ကျစရိတ်များကို တွက်ချက်ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် တင်ပြသွားမည် ဖြစ်ပြီး ရန်ပုံ ငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန် ၏ မော်လမြိုင်-ရန်ကုန် မီးရထား သံလမ်း အဆင့်မြှင့်တင်မှုကို အမြန်ဆုံး ပြီးဆုံးအောင် ဆောင်ရွက်ပေးရန်နှင့် မီးရထား လမ်းတစ်လျှောက် ကြံ့ခိုင်မှုမရှိတော့သည့် တံတားများကို ပြန်လည်ပြုပြင်ပေးရန်၊ ခေတ်မမီတော့သည့် ရထားတွဲများ၊ မီးရထားစက်ခေါင်းများနေရာတွင် ခေတ်မီ စက် ခေါင်း သစ်များ၊ တွဲများဖြင့် ပြောင်းလဲပြေးဆွဲပေးရန်နှင့် ရထားလက်မှတ်များကို လွယ်ကူ လျင်မြန် စွာ ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း ၍ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်းအတွင်းရှိ ရထား သံလမ်းများနှင့် တံတားများကို အဆင့်မြှင့်တင်ခြင်း၊ ရထားတွဲဆိုင်းများတွင် စက်ခေါင်းနှင့် တွဲသစ်များ အစားထိုးဖြည့်တင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊ ခေတ်မီသော ဆက်သွယ်ရေးနှင့် အချက်ပြစနစ်သစ်များ ပြောင်းလဲအသုံးပြုခြင်း စသည့် စီမံကိန်းများကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ရထားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးလာသည်နှင့်အမျှ ခရီးသည်များ လက်မှတ်ဝယ်ယူမှု အဆင်ပြေစေမည့် ကိစ္စအပါအဝင် ရထားဖြင့် ခရီးသည် ပို့ဆောင်ရေး ဝန်ဆောင်မှုအဆင့်အတန်း တိုးတက်လာမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) မှ ဦးဝင်းမောင် ၊ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်မေသန်းနွဲ့၊ ကယားပြည်နယ် မဲဆန္ဒ နယ်အမှတ်(၁)မှ ဦးဖြေရယ်(ခ) ဦးမြင့်သန်းထွန်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၇)မှ ဦးကျော်တုတ် တို့၏ မေးခွန်းများနှင့်စပ်လျဉ်း ၍ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အမျိုးသား လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော တံတားကြီးများ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် မြေယာအုပ်ချုပ်ရေးကဏ္ဍတွင် ပိုမိုထိရောက်စွာနှင့် ရှင်းလင်း လွယ်ကူမြန် ဆန်စွာ ဆောင်ရွက်နိုင်ရန် ခိုင်မာမှန် ကန်သော မြေယာဆိုင်ရာ အချက်အလက်များရရှိရေး မြေယာမှတ်ပုံတင် လုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်ရန်လိုအပ် လျက်ရှိရာ ထိုသို့ဆောင်ရွက်ရန် မူလအခြေခံ လိုအပ်ချက်ဖြစ်သည့် တစ်မျိုးတည်းသော မြေပုံစနစ်ဖြင့် မြို့မြေ၊ ရွာမြေနှင့် မြေယာ အားလုံးကို ပြုစုမှတ်တမ်းတင် ထားနိုင်ရေး ပြည်ထောင်စု အစိုးရအနေဖြင့် နိုင်ငံတကာမှ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ အကူအညီများ ရယူလျက် တစ်မျိုးတည်းသော မြေပုံစနစ်ပြုစုရေးနှင့် မြေယာမှတ်ပုံတင်ခြင်း လုပ်ငန်း တို့ကို နှစ်ရှည်စီမံကိန်း ချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ အတွင်းတွင် ရှိသည့် မြေယာများကို စနစ်တကျ မှန်မှန်ကန်ကန် အုပ်ချုပ်ခြင်း၊ စီမံခန့်ခွဲ ခြင်း၊ မှန်ကန်သည့် မြေယာအသုံးချမှု မူဝါဒချမှတ်ခြင်းနှင့် မြေယာကို စနစ်တကျခွဲဝေ ပေးခြင်းတို့ကို မှန်ကန်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်မှု အပေါ် မူတည်ပါကြောင်း၊ မြေယာကို စနစ်တကျ စီမံခန့်ခွဲနိုင်မှုသည် တိကျမှန်ကန်သော တစ်မျိုးတည်းသော မြေပုံစနစ်နှင့် မြေယာများကို တိကျသည့် မှတ်တမ်း တင်ထားနိုင်ရန်လည်း လိုအပ်ပါကြောင်း။

 

မိမိတို့နိုင်ငံတွင် လိုအပ်နေသည့် တစ်မျိုးတည်းသော မြေပုံစနစ်နှင့် မြေယာ မှတ်ပုံတင် သည့်လုပ်ငန်းကို အောင်အောင်မြင်မြင် စီမံကိန်းချ ဆောင်ရွက်ရန် လိုအပ် ပြီး ထို့သို့ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းပမာဏ ကြီးမားခြင်းကြောင့် အချိန်ယူရမည် ဖြစ်သကဲ့သို့ ဘဏ္ဍာငွေများစွာ ကျခံရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်တွင်းပြည်ပ ပညာရှင်များ၊ ကျွမ်းကျင်သူများ၏ အကူအညီကိုရယူပြီး ခေတ်မီနည်းပညာများနှင့် ကိရိယာများကိုလည်း မဖြစ်မနေသုံးစွဲရမည် ဖြစ်ပါကြောင်း၊ မြေယာမှတ်ပုံတင်ခြင်း လုပ်ငန်းသည် လူအင်အား၊ ငွေအင်အား၊ အချိန်နှင့် ခေတ်မီပညာနှင့် ကိရိယာများလို အပ်ခြင်းကြောင့် နှစ်ရှည်စီမံကိန်းချ ပြီးစီးအောင်မြင်စေရန် ဆောင်ရွက်ရမည့် လုပ်ငန်း ကြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ အနေအထားကိုကြည့်၍ တင်ပြခဲ့သည့် အချက် အလက်များကို သုံးသပ်ပြီး အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးပေးပါရန် ပန်ကြား အပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိန်း က အဆိုသည် အနာဂတ် နိုင်ငံတော်တည်ဆောက်ရေးတွင် မရှိမဖြစ်လိုအပ်သည့် အခြေခံ အကျဆုံး လုပ်ငန်းတွင် ပါဝင်ပြီး နိုင်ငံတော်အတွက် စနစ်တကျ ဆောင်ရွက်ရမည့် လုပ်ငန်း လည်းဖြစ်သည့်အတွက် အဆိုကို ထောက်ခံပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ယင်းအဆိုကို လက်ခံဆွေးနွေးရန် သင့် မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူ ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ လူမော်

HOT NEWS
January 4,