မသန့်ရှင်းသော အစားအစာ၊ အန္တရာယ်ရှိသော အစားအသောက်များ သတိထား

မသန့်ရှင်းသော အစားအစာ၊ အန္တရာယ်ရှိသော အစားအသောက်များ သတိထား


Ministry of Information/ ​နေပြည်တော် / March 22, 2019
image_latest


ယနေ့ကမ္ဘာကြီးနှင့် မြန်မာနိုင်ငံအတွင်း၌ အချို့သော စီးပွားဥစ္စာရှာဖွေမှုများသည် လူတို့ကို ချက်ချင်း လက်ငင်း မထိခိုက် သေးသဖြင့် အပြစ်မရှိ၊ အန္တရာယ်မရှိဟု ထင်ကြသော်လည်း နောင်အချိန်ကာလ တစ်ခု၌ လူတို့ကို ထိခိုက်စေသောကြောင့် မကောင်းသော အသက်မွေးမှုဟုပင် ဆိုရပေမည်။ အထူးသဖြင့် ကျန်းမာရေးအရ လူတို့အား တစ်စတစ်စ ကြွေလွင့်ကြရသော အဖြစ်များနှင့် တွေ့ကြရခြင်းပင် ဖြစ်ပါသည်။ အသက်ရှည် ကျန်းမာရေးအတွက် အဆိပ်သင့်စေမည့် အစားအစာများကို ရှောင်ကြဉ်ကြဖို့ အသိပေးလိုပါသည်။ အသိတရားနှင့် သတိထားကြရန် လိုအပ်လှပါသည်။

▲ အချိုရည်နှင့် ဂျယ်လီ ▲

အချိုရည်ဘူးများတွင် သကြားထက် အဆ ၂ဝဝ ပို၍ချိုသော ပါဝါသကြား၊ တားမြစ်ဆိုးဆေး၊ တာရှည်ခံ ဆေးတို့အပြင် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ကဖိန်းဓာတ်များ ပါဝင်နေသောကြောင့် ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုနှင့် အဝလွန်ရောဂါ၊ အသည်းကင်ဆာတို့ကို ဖြစ်ပွားစေနိုင်ပါသည်။ ဂျယ်လီ ဘူးများတွင်လည်း တရုတ်နိုင်ငံမှလာသည့် ဂျယ်လီပေါင်ဒါ၊ ဆီးထရစ်အက်ဆစ်၊ ဆိုဒီယမ်ဘိုင်ဇိုရိတ် ခေါ် တာရှည်ခံဆေးများ ပါဝင်နေမှုကြောင့် ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါသည်။

▲ ရောင်စုံဆိုးဆေးများနှင့် အစားအစာ ▲

ဆေးဆိုး မျှစ်နီ၊ မျှစ်ဝါ၊ အနီရောင်ပုစွန်ချဉ်၊ အဝါရောင်ဆေးဆိုးထားသော ငါးပုဏ္ဏား၊ ငါးမြွေထိုး၊ ကြက်သား၊ အရောင်ဆိုးထားသော ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ လက်ဖက်၊ ဆီးထုပ်နှင့် အချဉ်ထုပ်အမျိုးမျိုး၊ အနက်ရောင်ဆိုးထားသော ပြောင်းဖူး၊ လူသေအလောင်း များ မပုပ်ရန် အသုံးပြုလေ့ရှိသော ဖော်မလင်အသုံး ပြုထားသော ပဲပြား၊ မဲနယ်ဆိုးထားသောပုစွန် စသည်တို့မှာ တားမြစ်အန္တရာယ်ရှိ ဆိုးဆေးများ အသုံးပြုထားကြောင်း တွေ့ရှိနေရပါသည်။ ထိုရောင်စုံ ဆိုးဆေးများသည် အသည်းရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ သတိပေးနှိုးဆော်ထားပါသည်။

▲ ဖန်တီးပြုပြင်ထားသော အသီးအနှံများ ▲

ဓာတုဟော်မုန်းဆေးများ အသုံးပြုထားခြင်းကြောင့် အဆမတန်ကြီးထွားနေသော မုန်လာဥအဖြူများ၊ အမြစ်တိုတို အလုံးတုတ်တုတ် ပဲပင်ပေါက်များ၊ ပိုးသတ်ဆေး အပြင်းစားသုံးထားသော ဂေါ်ဖီထုပ်၊ ကိုက်လန်၊ မုန်ညင်းရွက်၊ ပန်းမုန်လာ ထုပ်များ၊ ဆေးစိမ်ဆေးဖျန်း၍ မှည့်လာသော သရက်၊ ငှက်ပျော၊ သင်္ဘော၊ လိမ္မော်၊ ပန်းသီးစသော သဘာဝလွန်ဆန်ထားသော အသီးအနှံများမှာ ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါသည်။ သဘာဝ အော်ဂဲနစ်နည်းဖြင့် စိုက်ပျိုးထားသော သီးနှံအမျိုးအစားကိုသာ ရွေးချယ် စားသုံးရန်နှင့် အသီးအရွက်များ အားလုံးကိုလည်း ရေများများနှင့် စင်ကြယ်အောင် အထပ်ထပ် ဆေးကြောပြီးမှသာ စားသုံးသင့်ပါသည်။

▲ အချိုမှုန့်နှင့် ကြက်သားမှုန့် ▲

အချိုမှုန့်များတွင်ပါရှိသော ဓာတုပစ္စည်းများသည် ဦးနှောက်နှင့် အာရုံကြောများကို ထိခိုက်စေခြင်း ကြောင့် လေဖြတ်ခြင်း၊ လေငန်းရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ချို့ ယွင်းပျက်စီးစေသော ရောဂါများ၊ အရိုးပွ၊ အရိုပါး၊ အရိုးကျွပ်ဆတ်ရောဂါ၊ ဆီးချိုသွေးချိုနှင့် သွေးတိုး ရောဂါများကို ဖြစ်ပွားစေနိုင်ပါသည်။ ကြက်သားမှုန့်များတွင် ယင်းအချိုမှုန့်အပြင် တာရှည်ခံ မှိုသတ်ဆေးများ၊ ဓာတုပစ္စည်းများပါ ရောနှောပါဝင်နေခြင်းကြောင့် အချိုမှုန့်ထက်ပင် ပိုမိုဆိုးရွား နေကြောင်း လေ့လာသိရှိရပါသည်။

▲ အသားလုံးနှင့်ကြက်၊ ဝက်အူချောင်း ▲

အသားလုံး(အသားကြိတ်)များနှင့် ကြက်အူချောင်း၊ ဝက်အူချောင်းများတွင် သုံးထားသည့် ကြာရှည်ခံ ဆေးများနှင့် အရောင်တင် ဆေးများကြောင့် ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ပါသည်။ ယင်းတို့ကို ရေခဲသေတ္တာ(အအေးခန်း) ထဲတွင် သိုလှောင်ထားခြင်း ကြောင့် အောက်ဆီဂျင်ဓာတ်တိုးမှု ဖြစ်သွားပြီး ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါသည်။ ယင်းအစာပစ္စည်းများကို မသန့်ရှင်းသည့် ပြန်ကြော်ဆီများဖြင့် ကြော်ခြင်း သို့မဟုတ် မီးကင်ခြင်းဖြင့် ကင်ဆာဖြစ်စေနိုင်ပြန်ခြင်းကြောင့် ကင်ဆာ သုံးထပ်ကွမ်း အဆိပ်သင့် အစာများဖြစ်ကြောင်း သတိပြုကြရပါမည်။

▲ ပလတ်စတစ်နှင့် ဖော့ဘူး ▲

ပလတ်စတစ်ကြွပ်ကြွပ်အိတ်များတွင် ပါဝင်သည့် ဆိုက်ဇာနှင့် စတိုင်ရင်းဓာတ်များသည် ဓာတုပစ္စည်း များဖြစ်ခြင်းကြောင့် အပူဓာတ်နှင့် ဖြစ်စေ၊ ဆီပါသည့် အစားအသောက်များကြောင့်ဖြစ်စေ ထိတွေ့ မိသည့်အခါ ယင်းဓာတုပစ္စည်းများသည် အစား အသောက်အတွင်းသို့ ဓာတ်ပြုပျော်ဝင်သွားပြီး ကင်ဆာ ရောဂါကို ဖြစ်စေပါသည်။ စားသောက်ဆိုင်များတွင်အသုံးပြုနေသော ဖော့ဘူးများသည် စတိုင်ရင်း ဓာတ်များ ပါဝင်သည့် 2B ပလတ်စတစ်အုပ်စုဝင်များ ဖြစ်ပါသည်။ ထို့အတူ ကလေးနို့ဘူးများ ပြုလုပ် သည့် PVC ပလတ်စတစ်နှင့် ပလတ်စတစ်ရေပိုက်များတွင် မိုနိုမာခေါ် အလွန်အဆိပ်ပြင်းသည့် ဓာတ် တစ်မျိုး ပါဝင်နေပေသည်။ ထို့ကြောင့် ကင်ဆာရောဂါဖြစ်စေသော ပလတ်စတစ်နှင့် ဖော့ဘူးများကို ကျန်းမာရေးအသိစိတ်ဖြင့် ရှောင်ရှားသင့်ပါသည်။ ထို့ပြင် မယ်လမင်း (ဖိုက်ဘာ)ပစ္စည်းများသည် အပူနှင့် တွေ့ထိသည့်အခါ ဓာတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေနိုင်ပါသည်။

▲ အချိုရည်၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ▲

မြန်မာတို့၏ မပါမဖြစ် အဓိကအားထားရသော အစားအစာသည် ငါးပိရည်နှင့် အတို့အမြှုပ်ပင်ဖြစ်သည်။ အချို့သော ရေချိုငါးပိတွင် ယူရီးယား(ပုလဲ)ဓာတ်မြေဩဇာ ထည့်သွင်းထားကြောင်း ကြားသိရပါသည်။ ယူရီးယား ၃ ဂရမ်နှင့် အထက်စားမိပါက အော့အန်ပြီး သတိမေ့မြောကာ ကျောက်ကပ်ပျက်စီး၍ အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်ကြောင်းလည်း လေ့လာ သိရှိရပါသည်။ ရေချိုငါးပိကို ယင်မနား၊ လောက်မတက်စေရန် ၉၀ ရာခိုင်နှုန်း ယင်းဆေးခဲခေါ် ပိုးသတ်ဆေးများ အသုံးပြုထားကြောင်းနှင့် နိုင်ငံခြားမှ တင်သွင်းလာသော ငံပြာရည်အချို့မှာလည်း ဂလူတမစ်အက်စစ်များစွာ ပါဝင်နေကြောင်း ယင်းဆေး များအသုံးပြုထားသော ငါးပိ၊ ငါးခြောက်၊ ငံပြာရည်တို့ကိုစားသောက်မိပါက ကင်ဆာရောဂါ၊ လေငန်း၊ အာရုံကြော ထိခိုက်ပျက်စီးခြင်းနှင့် ကိုယ်တစ်ခြမ်းသေခြင်းများ ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းက သတိပေး နှိုးဆော်ထားပါသည်။

▲ အချဉ်ရည် ▲

အသုပ်၊ အကြော်၊ အကင်နှင့် တုတ်ထိုးဆိုင်များတွင် အသုံးပြုနေကြသည့် နီနီရဲရဲ အချဉ်ရည်များသည် အဆိပ်များ ပင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းအချဉ်ရည်များမှာ (က) တားမြစ်ထားသော အန္တရာယ်ရှိ ဆိုးဆေးနီနီရဲရဲ၊ (ခ) ကင်ဆာဖြစ်စေသည့် ကြာရှည်ခံဓာတုဆေးများ၊ (ဂ) ကင်ဆာ ရောဂါ ဖြစ်စေသည့် ဆာလ်ဖျူရစ်အက်စစ်ပြင်းတို့ ပါရှိနေခြင်း ကြောင့်ပင် ဖြစ်ပါသည်။ ဆာလ်ဖျူရစ် အက်စစ်သည် နည်းနည်းလေးထည့်ရုံမျှဖြင့် အချဉ်အရသာကို ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးထဲတွင် သုံးသော အက်စစ်အမျိုးအစားပင် ဖြစ်ပေသည်။ ယင်းဓာတ်ပါသည့် အချဉ်ရည်ကို ရေရှည်စားမိပါက အစာအိမ်အူလမ်းကြောင်း အူမကြီးနှင့် အသည်းတို့ကို၁ဝဝ ရာခိုင်နှုန်းပြည့် ကင်ဆာဖြစ်စေနိုင်ပါသည်။

▲ ကော်ဖီမစ် ▲

ရယ်ဒီမိတ်ကော်ဖီမှုန့်များထဲတွင် ကဖိန်းတာရှည်ခံ ဓာတုဆေးများ၊ ကော်ဖီအနံ့တုဆေး၊ အုန်းသီးခွံ အမှုန့်များနှင့် ချွတ်ဆေး၊ သကြားစသည့် ကျန်းမာရေးနှင့် မညီညွတ်သော ကုန်ကြမ်းပစ္စည်း များပါ ဝင်နေပါသည်။ ယင်းတို့ကို သောက်သုံးခြင်းဖြင့် ဆီးချိုရောဂါ၊ စိတ်ကျရောဂါ၊ ရင်သား၊ ဆီးအိမ်၊ ဆီးကျိတ်၊ ပန်ကရိယစသည့် အစိတ်အပိုင်းကင်ဆာရောဂါ တို့အပြင် အမျိုးသမီးများ ပဋိသန္ဓေ မတည်နိုင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ထို့ပြင်ကော်ဖီမစ်များတွင် သုံးသည့်Creamer နို့မှုန့်အတုမှာ စားအုန်းဆီကို အဆီထုတ်ပြီး ကျန်ရှိသည့်ကြိတ်ဖတ်ကို အမှုန့်ပြုလုပ်ထားခြင်းပင် ဖြစ်ပေသည်။ ထိုကြိတ်ဖတ်ကို စားသုံးမိပါက သွေးတိုး၊ နှလုံးသွေးကြောပိတ်၊ လေငန်းနှင့် ကင်ဆာရောဂါတို့ကို ဖြစ်စေနိုင်ပါသည်။

▲ ပြန်ကြော်ဆီများ ▲

အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းသောရေမြောင်းဆီခေါ် ပြန်ကြော်ဆီများကို ပြည်တွင်းတွင် ဓာတုဆေးများသုံး၍ အရောင်ချွတ်ကာ ပဲဆီအနံ့ထည့်သွင်းပြီး ဆီဈေးကွက်တွင် ပဲဆီသန့်တံဆိပ် တပ်ကာ ရောင်းချနေကြပေသည်။ ငါးမုန့်ကြော်၊ အာလူးကြော် စသော လုပ်ငန်းအချို့မှာလည်း ပြန်ကြော်ဆီများ ထွက်ရှိသလို အထပ်ထပ်ပြန်လည် အသုံးပြုနေကြပြန်သည်။ လမ်းဘေးလက်ဖက်ရည် ဆိုင်နှင့် စားဖွယ်စုံဆိုင်ကြီးများကို ကွင်းဆင်းစစ်ဆေးကြည့်ရာတွင်လည်း ဆိုင်တိုင်းလိုလို ညိုမည်း ညစ်နေသော ပြန်ကြော်ဆီအဟောင်းများဖြင့် စမူဆာ၊ အီကြာကွေးများ ကြော်နေကြောင်း တွေ့ရ ပေသည်။ ယင်းပြန်ကြော်ဆီများ အသုံးပြုထားသော စားသောက်ကုန်များကြောင့် ပန်ကရိယ၊ အသံအိုး၊ အစာအိမ်လမ်းကြောင်းနှင့် အူမကြီးတို့ကို ကင်ဆာဖြစ်စေနိုင်ကြောင်းကိုလည်း စားသုံးသူကာကွယ်ရေး အသင်းမှ သတိပေးနှိုးဆော်ထားပါသည်။

▲ အရက် ▲

မအိုဆေးခေါ်သော အချို့အရက်များတွင် ဓာတ်မြေဩဇာ၊ အင်ဒရင်း၊ ရော်ဘာ၊ မက်သနောစသည့် အဆိပ်သင့် ဓာတုပစ္စည်း များ ပါရှိနေသည့်အပြင် မူလသဘာဝအရက်၏ ဂုဏ်သတ္တိကပင်လျှင် အသည်းခြောက်၊ ရေဖျင်းရောဂါများ၊ အသည်းကင်ဆာ နှင့် အစာအိမ်လမ်းကြောင်းကင်ဆာတို့ကို ဖြစ်စေနိုင်သည့်အဆိပ်ရည်များပင်ဖြစ်ပါသည်။ တစ်ဖန်ဘီယာဟာ အရက်တော့မဟုတ်ပါ ဆိုသော် လည်း အယ်လ်ကိုဟော ပါဝင်နေခြင်းကြောင့် အရက်ကဲ့သို့ပင် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်စေနိုင် သည်ကိုလည်း သတိပြုသင့်ပါသည်။

▲ ဆေးလိပ်နှင့် ကွမ်း ▲

“ဆေးလိပ်သောက်သုံးခြင်းသည် ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်” ဟု အတိအလင်း ကြေညာ ထားပါသည်။ သို့ပါသော်လည်း အသိခေါက်ခက် အဝင်နက်သူများကား သောက်သုံးနေ ဆဲပင်။ ဆေးလိပ်ဆေးရွက်ကြီးများကို ရှူရှိုက် သောက်သုံးခြင်းကြောင့် လည်ချောင်း၊ အဆုတ်စသည် တို့တွင် ကင်ဆာဖြစ်စေနိုင်ပါသည်။ ထို့ပြင် နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်၊ ပန်းနာရင်ကျပ် စသည့် ရောဂါများလည်း ဖြစ်ပွားစေနိုင်ပါသည်။ မိမိကိုယ်တိုင်သောက်သုံးခြင်း၊ စီးကရက် မီးခိုးငွေ့ တို့ကို တစ်ဆင့်ခံရှူရှိုက်မိခြင်းကြောင့် ကမ္ဘာနှင့်အဝန်း အဆုတ်ကင်ဆာရောဂါ ဖြစ်နေကြရပြီး စစ်တမ်း များအရ အရှေ့တောင်အာရှတွင် နှစ်စဉ်လူဦးရေ ၁၀ သိန်းကျော် သေဆုံးနေကြရပါသည်။ ကွမ်းစား ခြင်းသည်လည်း ဆိုးကျိုးကို ဖြစ်စေပါသည်။

ကွမ်းရွက်ကိုဖျန်းသော ပိုးသတ်ဆေးကြောင့် ကင်ဆာကိုဖြစ်စေနိုင်ပါသည်။ ထုံးကြောင့် ကျောက်ကပ် နှင့် ဆီးအိမ်တို့တွင် ကျောက်တည်စေပြီး ပါးစောင်ကင်ဆာကိုလည်း ဖြစ်စေပါသည်။ တစ်ဖန် ကွမ်းသီး ကို မှိုမတက်အောင် အသုံးပြုသော မှိုသတ်ဆေးနှင့် ဆေးရွက်ကြီး၏ နီကိုတင်းကလည်း ကင်ဆာကိုဖြစ် စေနိုင်ပါသည်။ ဆိုရပါလျှင် ကွမ်းစားခြင်းသည် လေးထပ်ကွမ်း ကင်ဆာဖြစ်စေနိုင်ပါသည်။ မကောင်း မှန်းသိပါလျှင် ရှောင်ကြဉ်ကြရပါမည်။ ကွမ်းသွေး(တံတွေး)ကို မဆင်မခြင် ထွေးမှုကြောင့်လည်း မြို့ပြညစ်ညမ်းစေပါသည်။ အကျိုးမရှိသော စားသုံးခြင်းဖြစ်၍ တားဆီးပိတ်ပင်သင့်ပါပြီ။ ဆိုရပါလျှင် ကမ္ဘာ့လူသား တို့သည် အသက်ရှင်နေသမျှ အစားအစာကို စားသုံးနေကြရပေဦးမည်။ အန္တရာယ်ဖြစ် သော အဆိပ်ပါ အစားအစာများကို စားသုံးမိသူများ မဖြစ်စေရန်လိုပါသည်။ ရှူလိုက်တိုင်း၊ စားလိုက် တိုင်း၊ သောက်လိုက်တိုင်း၊ ဝါးလိုက်တိုင်း၊ မျိုလိုက်တိုင်းသမျှကို လုံခြုံစိတ်ချဘေးကင်းစွာဖြင့် ရှောင်နိုင် တိမ်းနိုင်စေရန် အသိပညာပေးခြင်းအဖြစ် ရေးသားလိုက်ရပေသည်။ ။

ရဲရဲထွန်းတောက်(မွှေးလုံး)

 

HOT NEWS
January 4,