နေပြည်တော်၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် အကျနေ့ကို ပြည်သူများ ပျော်ရွှင်စွာဆင်နွှဲ

နေပြည်တော်၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် အကျနေ့ကို ပြည်သူများ ပျော်ရွှင်စွာဆင်နွှဲ


Ministry of Information/ ​နေပြည်တော် / April 14, 2019
image_latest


နေပြည်တော် ဧပြီ ၁၄

၁၃၈၀ ပြည့်နှစ်မှ ၁၃၈၁ ခုနှစ်သို့ ကူးပြောင်းမည့် အခါသမယတွင် မြန်မာ့ရိုးရာ ဓလေ့ထုံးစံအရ နှစ်သစ်ကူး အတာသင်္ကြန်ပွဲကို ကျင်းပလျက်ရှိရာ ယနေ့သည် မြန်မာ့ရိုးရာ မဟာသင်္ကြန် အကျနေ့ဖြစ်ပြီး မြန်မာပြည် တစ်ဝန်းလုံး၌ အတာရေပက်ဖျန်း ကစားကြသူများ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်။

နေပြည်တော် မြို့တော်သူ မြို့တော်သားများသည်လည်း မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲကြပြီး နေပြည်တော် ကောင်စီနယ်မြေအတွင်း ရေပက်ခံကားများ၊ ရေပက်ကစားကြသူများဖြင့် စည်ကားလျက်ရှိကာ ဘုရားကျောင်းကန်များတွင် တရားဘာဝနာ ပွားများကြသူများ၊ ကုသ်ိုလ်ပြုသူများဖြင့် စည်ကားများပြား လျက်ရှိကြသည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၊ Sky Net ရေကစားမဏ္ဍပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မဟာသင်္ကြန် ရေကစားမဏ္ဍပ်၊ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေးမြို့များရှိ သင်္ကြန်မဏ္ဍပ်များနှင့် ပျဉ်းမနား လမ်းလျှောက်သင်္ကြန်တို့တွင် သင်္ကြန်ချစ်သူများ ပျော်ရွှင်စွာ ရေကစားကြသည်။

ထို့အတူ ရခိုင်တိုင်းရင်းသားအသင်း (နေပြည်တော်) က ဦးစီးကျင်းပသည့် ရခိုင်ရိုးရာ ရေကစားမဏ္ဍပ်တွင်လည်း ရခိုင်တိုင်းရင်းသားများနှင့် သင်္ကြန်ချစ်သူများက ရခိုင်ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ ရေကစားကြသည်။

မဟာသင်္ကြန်အကျနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် လာရောက် ရေကစားကြသူများဖြင့် စည်ကားလျက်ရှိပြီး တေးသံရှင်များနှင့် အနုပညာရှင်များက မဟာသင်္ကြန် တေးသီချင်းများဖြင့် ဖျော်ဖြေကြပြီး အနုပညာ ဦးစီးဌာနမှ ယိမ်းအကအဖွဲ့ များက အကအလှများဖြင့် ကပြဖျော်ဖြေကြသည်။

ထို့အတူ Sky Net ရေကစားမဏ္ဍပ်၌ အနုပညာရှင်များနှင့် တေးသံရှင်များ၏ ဖျော်ဖြေမှုများနှင့် လာရောက်ရေကစားကြသူ များဖြင့် အထူးစည်ကားခဲ့ပြီး ရွှေသံလွင်မိသားစု စတုဒိသာ မဏ္ဍပ်တွင်လည်း လာရောက်သုံးဆောင်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မဟာသင်္ကြန် ရေကစားမဏ္ဍပ်တွင်လည်း နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ တပ်မတော် အရာရှိကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့် သည်တော်များ တက်ရောက်အားပေးကြပြီး ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်။

နေပြည်တော် ပျဉ်းမနားမြို့ရှိ ပျဉ်းမနား လမ်းလျှောက် သင်္ကြန်ပွဲတော်တွင်လည်း လာရောက်ရေပက်ခံသူများ၊ ရေကစားကြသူများဖြင့် လမ်းတစ်လျှောက် စည်ကားလျက်ရှိပြီး သင်္ကြန်ကာလအတွင်း ပျဉ်းမနားမြို့တွင်း စည်းကမ်းမဲ့ အမှိုက်ကင်းစင်ရေး လှုပ်ရှားမှုအဖြစ် မျှဝေသောလက်များ ပျဉ်းမနား ပရဟိတအသင်းက မြို့အတွင်း အမှိုက်ကင်းစင်ရေး ဆောင်ရွက်လျက်ရှိသည်။

အလားတူ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အမျိုးသား အထိမ်းအမှတ်ဥယျာဉ်၊ လှေခွင်းတောင် ကမ်းခြေအပန်းဖြေစခန်း၊ နေပြည်တော် ရေပန်းဥယျာဉ်စသည့် နေရာများတွင်လည်း လာရောက်လည်ပတ် အနားယူ အပမ်းဖြေကြသူများဖြင့် စည်ကားလျက်ရှိသည်။

နေပြည်တော် ကောင်စီနယ်မြေတွင် သင်္ကြန်ကာလအတွင်း ရေကစားကြသူများဖြင့် စည်းကားလျက် ရှိသကဲ့သို့ စတုဒိသာ ကျွေးမွေး အလှူဒါနပြုကြသူများ၊ ဥပ္ပါတသန္တိ စေတီတော်၊ ဓါတုဇယ ဓာတ်ပေါင်းစုစေတီတော်၊ ကိုးခမ်းကြီးဘုရား၊ ဆုတောင်းပြည့် လောကမာရဇိန် စေတီတော်ကြီး စသည့် ဘုရားကျောင်းကန်များတွင် ဥပုသ်သီလ ဆောက်တည်ကြသူများ၊ တရားစခန်းများတွင် တရားဘာဝနာ ရှုမှတ်ပွားများ ကြသူများလည်း များပြားခဲ့ကြကြောင်း သိရသည်။

သတင်း-မျိုးရဲသူ ဓာတ်ပုံ-သန်းထိုက်ဖုန်

HOT NEWS
January 4,