(၁၇) ကြိမ်မြောက် ဆရာဝန်တင်ရွှေစာပေဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

(၁၇) ကြိမ်မြောက် ဆရာဝန်တင်ရွှေစာပေဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ


Ministry of Information/ ရန်ကုန် / April 20, 2019
image_latest


ရန်ကုန်၊ ဧပြီ ၂၀

(၁၇) ကြိမ်မြောက် ဆရာဝန်တင်ရွှေ စာပေဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အမှာစကား ပြောကြားရာ၌ ယနေ့အခမ်းအနားသည် ဆရာဝန်တင်ရွှေမိသားစုက ဆုချီးမြှင့်ထိုက်သည့် ပုဂ္ဂိုလ်များကို ဆုချီးမြှင့်ခြင်းဖြစ်သည့်အတွက် အလွန်မင်္ဂလာရှိပါကြောင်း၊ ဆရာဝန်တင်ရွှေမိသားစု အနေဖြင့် ဆုရပုဂ္ဂိုလ်များကို ဆက်လက် ဆုချီးမြှင့်နိုင်ခြင်းမှာ အလွန်ဝမ်းမြောက်ဖွယ်ကောင်းသလို ကျေးဇူးလည်းတင်ပြီး ချီးကျူးစရာလည်း ကောင်းပါကြောင်း၊ စာပေဆုများအပါအဝင် အနုပညာနှင့် ပတ်သက်သည့် ဆုများကို ချီးမြှင့်ခြင်းမှာ စာပေနှင့်အနုပညာကို ချီးမြှောက်ခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆုများချီးမြှင့်ခြင်းကြောင့်လည်း စာပေနှင့် အနုပညာသည် ပိုမိုတန်ဖိုးရှိပြီး စိတ်ဝင်စားဖွယ် ပိုမိုဖြစ်လာပါကြောင်း၊ စာပေဆုများ ချီးမြှင့်ခြင်းအားဖြင့် တန်ဖိုးရှိသည့် စာအုပ်ကောင်းများ ပိုမိုတည်တံ့ ရှင်သန်အောင်၊ ၎င်းတို့၏တန်ဖိုးကို ပိုမိုပြန့်ပွားအောင် ဆောင်ရွက် ပေးနိုင်သည်ဟုမြင်ပါကြောင်း၊ စာပေဆုများကို ချီးမြှင့်သည့် ပုဂ္ဂိုလ်များရှိသည့် အတွက်ကြောင့်လည်း စာပေသမားများသည် ဆုရစာအုပ်များကို စိတ်ဝင်တစား လေ့လာဖတ်ရှုကြရာ ၎င်းတို့အတွက် လမ်းကြောင်းပေးသည့် သဘောဖြစ်သည့် အတွက် တန်ဖိုးရှိပါ ကြောင်း။
စာပေဆုချီးမြှင့်ခြင်းအခမ်းအနားကို တက်ရောက်ရခြင်းအားဖြင့် တက်ရောက် လာသူများက ဆုရ ပုဂ္ဂိုလ်များကို မုဒိတာ ပွားသလို ဆုချီးမြှင့်သည့် ပုဂ္ဂိုလ်များအပေါ်တွင်လည်း မုဒိတာပွားပြီး အားကျကြ မည်ဖြစ်ကာ အလားတူ မိမိတို့ကိုယ်တိုင် လည်း စာပေနှင့် ပတ်သက်သည့် အလှူဒါန သို့မဟုတ် ပံပိုး ကူညီမှု၊ စောင့်ရှောက်မှု စသည့် အလုပ်များတွင် ပိုပြီးစိတ်အားထက်သန်မှုများရှိလာကြသည် ကို တွေ့ရ ပါကြောင်း ပြောကြားသည်။
ထို့နောက် ဆုရွေးချယ်ရေးအဖွဲ့ကိုယ်စား ဒေါက်တာခင်အေး (မောင်ခင်မင် ဓနုဖြူ) က ၂၀၁၈ ခုနှစ် အတွက် ဆရာဝန်တင်ရွှေ စာပေဆုရရှိသူများအား ရွေးချယ်ရခြင်းနှင့် ပတ်သက်သည့် မှတ်ချက် အကျဉ်းကို ရှင်းလင်းပြော ကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆရာဝန်တင်ရွှေ တစ်သက်တာ စာပေဆုရဆရာမကြီး ဒေါက်တာရီရီလှ (ယုဝတီခင်ဦး)၊ ပညာ ရေးဆောင်းပါးပေါင်းချုပ် စာအုပ်ဖြင့် ဆုရရှိသူ ဆရာကြီး ဒေါက်တာ သန်းဦး ၊ စာကြည့်တိုက်ထဲက စကားပြန် စာအုပ်ဖြင့် ဆုရရှိသူဆရာ ဝင်းတင့် ကိုယ်စား ဒေါက်တာဥမ္မာဦး ၊ ယင်းကျားစာအုပ်ဖြင့် ဆုရရှိ သူ ဇော်လွင်ဦး (ဟင်္သာတ)နှင့် The Sweet Honey Drop on the Sharp Scalpel Blade စာအုပ်ဖြင့် ဘာသာပြန်စာပေဆုရရှိသူ ဒေါက်တာဇော်ထွန်းတို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဆရာဝန်တင်ရွှေ၏ သမီးဖြစ်သူ KMD ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင်တင်အေးနှင့် ဘာသာပြန် စာရေးဆရာ ဦးကျော်ဆွေ ဇနီး ဒေါ်သင်းသင်းနိုင်တို့က သက်ကြီးစာရေးဆရာများအတွက် အလှူငွေ များကိုပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံ စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿကျော်ဝင်း) က လက်ခံပြီး ဆရာဝန်တင်ရွှေ၏ သားဖြစ်သူ ဦးသက်လွင်ရွှေက ဆုရွေးချယ်ရေးအဖွဲ့ကိုယ်စား ဆရာဦးကြည်မင်း အား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
ထို့နောက် ဆုရရှိသူများနှင့် စာပေဆုအလှူရှင်မိသားစု ကိုယ်စား သမီး ဒေါ်သက်သက်ရွှေ တို့က ကျေးဇူးတင် စကားပြန်လည် ပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးသည် ဆုရရှိကြသူများ၊ စာပေဆု အလှူရှင်မိသားစုတို့နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက် သည်။
(သတင်းစဉ်)
 

HOT NEWS
January 4,