နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား
Ministry of Information/ နေပြည်တော် / July 03, 2019
နေပြည်တော် ဇူလိုင် ၃
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်ကျင်းပသည့် မြန်မာ အမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်သမ္မတ (ဟောင်း) ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ ၏ဇနီး ဒေါ်ခင် သက်ဌေး ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ ဇနီး ဒေါ်ရင်မေ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ဇနီး နန့်ကြင်ကြည်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွှန့်၏ ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၏ဇနီး ဒေါ်အေးသီတာ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီး များ၏ ဇနီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၏ ဇနီး၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ၏ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ နိုင်ငံခြား သံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ သံတမန်များနှင့် ဌာနေကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘ၀မြှင့်တင်ရေးအသင်း၊ အမျိုးသမီး အဖွဲ့အစည်းများ ကွန်ရက်၊ မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များ အသင်း၊ ကျား၊မရေးရာတန်း တူညီမျှရေးကွန်ရက်၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစား အဖွဲ့ချုပ်၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှု အသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားကို တေးသံရှင် ပိုးမီက “ မြန်မာအမျိုးသမီးများနေ့” တေးသီချင်း အား သီဆိုဖွင့်လှစ်သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “ မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဖွဲ့စည်းခဲ့တဲ့နေ့ကို မြန်မာအမျိုးသမီးများနေ့ အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ဇူလိုင်လ (၃)ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ မတ်လ(၈)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ခွင့်တူညီရေးစဉ်းစားလို့ စွမ်းရည်မြှင့်ရေး အလေးပေးဖို့၊ ပြောင်းလဲမှု အတွက် ဆန်းသစ်တီထွင်စို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျင်းပပြုလုပ်ခဲ့တာဖြစ်လို့ အဲဒီ ဆောင်ပုဒ်နဲ့အညီ ကျား၊ မ ရေးရာတန်းတူညီမျှမှုနဲ့ အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားလာနိုင်စေမယ့် လူမှုကာကွယ်စောင့်ရှောက် ရေးစနစ်များ၊ လူမှုရေးရာ ဝန်ဆောင်မှုများနဲ့ လုပ်ထုံးလုပ်နည်း ယန္တရားများအတွက် ဆန်းသစ်တဲ့ နည်းလမ်း များကို ဖော်ထုတ် ဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။
“ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့လို့ သတ်မှတ်ထားပါတယ်။ ကမ္ဘာ့ အမျိုးသမီးများနေ့လည်းရှိပါတယ်။ ဒီကနေ့မှာဆိုရင် ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက် တွေကို အမျိုးသမီးများကနေ ဘယ်လိုဖြည့်ဆည်းပေးနိုင်သလဲဆိုတာကို အလေးထား ပြီးစဉ်းစား ရမယ့်နေ့လို့ မြင်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာအမျိုးသမီးများရဲ့ လိုအပ်ချက် တွေလည်းရှိ တယ်။ ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်တွေလည်းရှိတယ်။ နိုင်ငံတစ်နိုင်ငံ အတွက် အရေးအကြီးဆုံးကိစ္စကတော့ စံနှုန်းထားတွေပဲဖြစ်ပါတယ်။ ဒီလိုစံနှုန်းထား တွေ မြင့်မားကောင်းမွန်ဖို့ ကျွန်မတို့အမျိုးသမီးများက ဘယ်လိုလုပ် ပေးနိုင်မလဲဆိုတာ ကို စဉ်းစားစေချင်ပါတယ်။
“ဆက်သွယ်ရေးမြန်ဆန်လာတဲ့ခေတ်မှာဆိုရင် ပြင်ပ တစ်ကမ္ဘာလုံးက စံနှုန်း ထား တွေဟာ ကျွန်မတို့ အိမ်ထဲအထိရောက်လာနေပါတယ်။ ကျွန်မတို့ရဲ့ ကလေးငယ် များ ဆီကို ရောက်လာနေပါတယ်။ ကျွန်မတို့ဆီကို တစ်ကမ္ဘာလုံးကနေ ရောက်လာနေ တဲ့ စံနှုန်းထားတွေထဲမှာ ဘယ်စံနှုန်းထားတွေကို ကျွန်မတို့က အားပေးသင့်သလဲ၊ ဘယ် စံနှုန်းထားတွေက ကျွန်မတို့နိုင်ငံအတွက် တကယ့်ကိုတန်ဖိုးရှိသလဲဆိုတာကို အမျိုး သမီးတွေအနေနဲ့ စဉ်းစားစေချင်ပါတယ်။ ကျွန်မတို့ စဉ်းစားနိုင်ရမယ်။ ဆင်ခြင် နိုင်ရမယ် ဘယ်လိုအရာမျိုးဟာ၊ ဘယ်လိုတန်ဖိုးတွေဟာ ကျွန်မတို့လို ဖွံ့ဖြိုးစနိုင်ငံ တစ်ခု၊ ငြိမ်းချမ်းရေးအင်မတန်မှ လိုအပ်နေတဲ့ နိုင်ငံတစ်ခု၊ အမျိုးသား ပြန်လည်စုစည်း နိုင်ရေးကို မျှော်မှန်းနေရတဲ့နိုင်ငံတစ်ခုအတွက် အကောင်းဆုံးလဲဆိုတာ အမျိုးသမီး တစ်ဦးချင်း ကနေ စဉ်းစားပြီး ဆောင်ရွက်စေချင်ပါတယ်။
“စည်းလုံးညီညွတ်မှုအင်အားကို ဘယ်သူမှ ယှဉ်လို့မရပါဘူး။ တစ်ကွဲတစ်ပြားစီ ၊ တစ်ဦးတစ်ယောက်စီ၊ အဖွဲ့တစ်ဖွဲ့စီ ကိုယ့်အတွက်ပဲ လုပ်နေမယ်ဆိုရင် မြန်မာနိုင်ငံ ရဲ့ တိုးတက်ရေးကို ပံ့ပိုးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့အမျိုးသမီးများက ရှေ့က ဦးဆောင်ပြီး ညီညီညွတ်ညွတ်နဲ့ စုပေါင်းဆောင်ရွက်တဲ့ စံနှုန်းထားတွေကို ချပေး လိုက်မယ်ဆိုရင် ဒီနေ့တစ်နေ့အတွက်၊ တစ်နှစ်အတွက်တင်မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံ ရဲ့အနာဂတ်အတွက် အင်မတန်မှ အရေးပါမှာဖြစ်ပါတယ်။
“ကျွန်မတို့ စံနှုန်းထားတွေရွေးဖို့ ကိုယ်တိုင်ကလည်း ဒီစံနှုန်းထားတွေကို ကျင့်သုံး မှဖြစ်မှာပါ။ အခု ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကိုအင်မတန်မှ ဦးစားပေးနေတဲ့ခေတ်ကြီး မှာ တခြားစိတ်ပိုင်း ဆိုင်ရာတိုးတက်မှုကိုရော ဘာတွေလိုအပ်နေသေးလဲဆိုတာ အဓိကထားပြီး စဉ်းစားစေချင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုက မရှိ မဖြစ် ဘူးဆိုတာ ကျွန်မတို့အားလုံး လက်ခံပါတယ်။ ဒီကမ္ဘာကြီးမှာ ဓနအင်အားက အရေးကြီးတယ်ဆိုတာကလည်း ဘယ်သူမှငြင်းလို့မရပါဘူး။ သို့သော်ငြားလည်း ဓနအင်အား တစ်ခုတည်း နဲ့လည်း မလုံလောက်ပါဘူး။ ဒီဓနအင်အားကို မှန်မှန်ကန်ကန်လုပ်နိုင်မှ ကျွန်မတို့နိုင်ငံဟာ တန်ဖိုးရှိတဲ့နိုင်ငံဖြစ်လာမှာပါ။ ဒီလိုတန်ဖိုး ရှိတဲ့နိုင်ငံဖြစ်ဖို့အတွက် ကျွန်မတို့ရဲ့ အမျိုးသမီးတွေက ဦးဆောင်ပြီး လုပ်စေချင်ပါတယ်။ အခွင့်အရေးကို စဉ်းစားရင် တစ်ခါတည်းတာဝန်ယူမှုကိုပါ စဉ်းစားပါ၊ အခုခေတ်ကြီးမှာ အခွင့်အရေးဆိုတာ အများကို အကျိုးပြုဖို့ဆိုတဲ့ တာဝန်နဲ့ ထိန်းထားရမှာဖြစ်ပါတယ်။ တာဝန်နဲ့ ဒွန်တွဲပြီးတော့ အခွင့် အရေးကို ကိုင်ထားမှ ကျွန်မတို့နိုင်ငံက တကယ်ကိုတန်ဖိုးရှိတဲ့ နိုင်ငံဖြစ်လာမှာပါ။
“ကလေးများကို ငယ်စဉ်ဘဝကတည်းက ပြုစုပျိုးထောင်သွားဖို့ အမျိုးသမီးများ အနေနဲ့ ကလေးတွေကို စိတ်ထဲမှာ ဘယ်လိုစံနှုန်းထားတွေ စွဲသွားစေချင်တယ် ဆိုတာကို သေသေချာချာ စဉ်းစားပြီး ပြုစုပျိုးထောင် ပေးစေချင်ပါတယ်။ ကျွန်မတို့ရဲ့ ပညာရေး ကဏ္ဍမှာဆိုရင် ဆရာတွေထဲမှာ ၉၀ ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေဖြစ်နေပါ တယ်။ ကျွန်မတို့ကတော့ အမျိုးသားတွေ ပိုပြီးဝင်လာတာကို မြင်ချင်ပါတယ်။ အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းကို လျှော့တွက်လို့မရပါဘူး။ ပညာရေးလောကမှာ ဦးဆောင် နေတာဟာ အမျိုးသမီးတွေဖြစ်တယ်ဆိုရင် မမှားပါဘူး။ ဒီလိုပြောခြင်းဟာ ကျွန်မအနေနဲ့ တက္ကသိုလ် ပါမောက္ခတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ မူလတန်း ကျောင်းဆရာ ဆရာမတွေကိုပြောတာပါ။ မူလတန်း ကျောင်းဆရာ ဆရာမတွေ ရဲ့ကဏ္ဍဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့အမျိုးသမီးများဟာ မိသားစု အတွင်းမှာတင် မဟုတ်ဘူး။ ပညာရေးလောကအတွင်းမှာ၊ လူမှုအသိုင်းအဝိုင်းအတွင်း မှာ အင်မတန်မှ အရေးပါတဲ့ကဏ္ဍရှိနေပါပြီ။ ဒီအရေးပါတဲ့ကဏ္ဍမှာရှိနေတဲ့ အခြေအနေ ကို နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် လုပ်စေချင်ပါတယ်။
“ကျွန်မတို့ အခု ကမ္ဘာကြီးဟာ တိုးတက်လာတာနဲ့အမျှ စိန်ခေါ်မှုတွေကလည်း အမျိုးမျိုးရှိပါတယ်။ တိုးတက်လာတာနဲ့အမျှ မေတ္တာ ကရုဏာ၊ မုဒိတာ တကယ်ပွား လာတယ်ဆိုရင်ကောင်းပါတယ်။ ဒါမှ တကယ့်စစ်မှန်တဲ့တိုးတက်မှုလို့ ပြောလို့ရမှာပါ။ ဒီလိုမဟုတ်ဘဲနဲ့ ဒေါသ၊ မောဟတွေ ပွားလာမယ်ဆိုရင် ဒါက စစ်မှန်တဲ့တိုးတက်မှု ဟုတ်ရဲ့လားဆိုတာ စဉ်းစားစေချင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ မြန်မာနိုင်ငံအမျိုး သမီးများနေ့မှာ ကျွန်မတို့နိုင်ငံကို ဘယ်လိုပုံစံဖြစ်စေချင်လဲဆိုတာကို အလေးအနက် ထား ပြီးစဉ်းစားစေချင်ပါတယ်။ ကျွန်မတို့ရဲ့ သားသမီး၊ မြေး၊ မြစ် တွေကိုဘယ်လို လူ့ အသိုင်း အဝိုင်းမှာကြီးပြင်းလာစေချင်သလဲ။ ဘယ်လိုလူအသိုင်းအဝိုင်းမှာ နေထိုင်သွား စေချင်သလဲ။ ကျွန်မတို့ကိုယ်တိုင် အသက်ကြီးလာတာနဲ့အမျှ ဘယ်လို လူ့အသိုင်းအဝိုင်းကို ထားခဲ့စေချင်သလဲဆိုတာကို လေးလေးနက်နက် စဉ်းစားစေ ချင်ပါတယ်။ ကိုယ်က ဘာကို ရည်ရွယ်လဲဆိုတာကို သေချာသိမှ ရည်ရွယ်ချက်အောင် မြင်အောင် ဘယ်လို လုပ်ရမလဲဆိုတာကို ကျွန်မတို့ နည်းလမ်းရှာနိုင်မှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ တကယ်ကို တန်ဖိုးရှိပြီးတော့ လုံခြုံတဲ့နေရာ တစ်ခုဖြစ်ဖို့ဆိုရင် အမျိုးသမီးတွေ အနေနဲ့ ဘာတွေလုပ်ပေးနိုင်သလဲ။ ဘာတွေ လုပ်သင့်သလဲဆိုတာကို စဉ်းစားပါ။ ဘယ်လို တန်ဖိုးထားပြီး ဖြန့်ချိပေးသင့်သလဲဆိုတာ စဉ်းစားပါ။ ဘယ်လို ပုံစံတွေနဲ့ ထိထိရောက်ရောက်ဖြန့်ချိပေးသင့်သလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။ ဒါက အမျိုးသမီးတွေ တင် မဟုတ်ဘဲ အမျိုးသားတွေလည်း လုပ်ရမယ့် ကိစ္စဖြစ် ပါတယ်။
“ဒီနေ့က မြန်မာနိုင်ငံအမျိုးသမီးများနေ့ဖြစ်တဲ့အတွက် အမျိုးသမီးတွေကို အဓိက ဦးတည်ပြီး ပြောတာဖြစ်ပါတယ်။ ကျွန်မတို့ အမျိုးသမီး၊ အမျိုးသား တန်းတူ ညီမျှရေး လုပ်တဲ့အခါ ရန်သူတွေသဖွယ် တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး လုပ်တာ မဟုတ်ဘဲနဲ့ မိတ်ဆွေတွေလို၊ မောင်နှမအရင်းအချာတွေလို လုပ်စေချင်ပါတယ်။ အားလုံး တန်းတူညီတူလက်တွဲပြီး သွားနိုင်ဖို့ ဦးတည်ရမှာဖြစ်ပါတယ်။ အမျိုးသမီး အချင်းချင်း စာနာနားလည်နိုင်မှ၊ ကျွန်မတို့ အမျိုးသမီးတွေ၊ အမျိုးသားတွေကြားထဲမှာ စာနာ နားလည်နိုင်မှ ကျွန်မတို့ အနာဂတ်မျိုးဆက်တွေရဲ့ အကျိုးကိုထမ်းဆောင်နိုင် မှာပဲဖြစ်ပါတယ်။
“ဒီနေ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ကစပြီး နောက်နှစ်ပေါင်းများစွာ ကမ္ဘာတည်ရှိ သရွေ့ ကျွန်မတို့နိုင်ငံရဲ့ အကျိုးကိုသယ်ပိုးနိုင်တဲ့ အမျိုးသမီးတွေဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်” ဟုပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် ဒုတိယ ဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၏ ဇနီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့်လည်း ကောင်း၊ ထူးချွန်ဆုရရှိကြသူများ၊ Parallel Session တွင် ဆွေးနွေးကြမည့် ပုဂ္ဂိုလ်များ နှင့် လည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ လက်အောက်ရှိ အဖွဲ့ (၇) ဖွဲ့မှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်လည်းကောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန မြေညီထပ်၌ ပြသထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘ၀မြှင့်တင်ရေးအသင်း၊ အမျိုးသမီးအဖွဲ့ အစည်းများကွန်ရက်၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း၊ မြန်မာအမျိုး သမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ ကျား၊ မ ရေးရာတန်း တူညီမျှရေးကွန်ရက်၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျား၊ မ တန်း တူညီမျှရေး ပူးပေါင်းဆောင်ရွက်မှု အသင်းတို့၏ လူမှုအကျိုးပြု ဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများကို လိုက်လံကြည့်ရှု အားပေးကြသည်။
(သတင်းစဉ်)