တရားရေးကဏ္ဍ အဖွဲ့အစည်းများနှင့် မီဒီယာများ၏ တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးဆိုင်ရာ အဆင့်မြင့်မဟာဗျူဟာ စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

တရားရေးကဏ္ဍ အဖွဲ့အစည်းများနှင့် မီဒီယာများ၏ တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးဆိုင်ရာ အဆင့်မြင့်မဟာဗျူဟာ စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

Ministry of Information/ ​နေပြည်တော် / July 18, 2019
image_latest


နေပြည်တော် ဇူလိုင် ၁၈

တရားရေးကဏ္ဍ အဖွဲ့အစည်းများနှင့် မီဒီယာများ၏ တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးဆိုင်ရာ အဆင့်မြင့်မဟာဗျူဟာ စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hilton ဟိုတယ်၌ ကျင်းပသည်။

ဆွေးနွေးပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာအနှံ့တွင် ဥပဒေစိုးမိုးမှု ကျဆင်းနေကြောင်းနှင့် တရားဥပဒေစိုးမိုးမှုကို မည်သည့်နိုင်ငံကမှ ပြီးပြည့်စုံအောင် မစွမ်းဆောင်နိုင်သေးဟု အမေရိကန်အခြေစိုက် World Justice Project က ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း။

တရားဥပဒေစိုးမိုးမှုသည် လူတိုင်းနှင့် ပတ်သက်သည့် အကျိူးတူကိစ္စရပ် တစ်ခုဟု ပြောကြပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့က ဆောင်ရွက်၍ မရနိုင်ပါကြောင်း၊ အားလုံးက ဝိုင်းဝန်းပူးပေါင်း အားထုတ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ။

“ဥပဒေ သိရှိနားလည်မှု မရှိခြင်းသည် ဥပဒေချိုးဖောက်မှုအား ခွင့်လွှတ်နိုင်သည့် အကြောင်းပြချက်တစ်ခု မဟုတ်ဟု ဆိုသည့် ဥပဒေဆိုရိုးစကားတစ်ခုနှင့်အညီ ဥပဒေဆိုင်ရာ အသိပညာပေးမှု မြှင့်တင်ခြင်းကို အများပြည်သူကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုပါကြောင်း။

မိမိတို့အစိုးရအနေဖြင့် ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ၊ စကားဝိုင်းများ အလုပ်ရုံဆွေးနွေးများကို တတ်နိုင်သလောက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ထိုပြင် ပြန်ကြားရေးဝန်ကြီးဌာနမှ နိုင်ငံအနှံ့တွင် ဖွင့်လှစ်ထားရှိသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး ၄၁၇ ရုံးတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် နိုင်ငံတော်ပြန်တမ်းများကို စိတ်ပါဝင်စားသူများ လေ့လာဖတ်ရှုနိုင်ရန် တတ်နိုင်သလောက် သိမ်းဆည်းထားရှိပါကြောင်း၊ ထို့ပြင် မိမိတို့ပြန်ကြားရေးဝန်ကြီးဌာန၏ website www.moi.gov.mm တွင် ပြဋ္ဌာန်းပြီး ဥပဒေ ၇၂၇ ခု၊ ဥပဒေကြမ်း ၁၁၅ ခု နှင့် နည်းဥပဒေ ၁၂၀ တို့ကို လွှင့်တင်ထားရှိရာ မည်သူမဆို အခမဲ့ download လုပ်ရယူနိုင်ပါကြောင်း။

မီဒီယာနှင့် တရားဥပဒေစိုးမိုးမှုသည် အပြန်အလှန် အမှီသဟဲပြုနေပါကြောင်း၊ လွတ်လပ်ပြီး ကျင့်ဝတ်လိုက်နာကာ မိမိကိုယ်ကို ထိန်းကျောင်းနိုင်သည့် မီဒီယာများသည် တရားဥပဒေစိုးမိုးမှုအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ အလားတူပင် တရားဥပဒေစိုးမိုးမှုရှိမှ လွတ်လပ်ပြီး ကျင့်ဝတ်လိုက်နာကာ မိမိကိုယ်ကို ထိမ်းကျောင်းနိုင်သည့် မီဒီယာများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း။

စုံစမ်းဖော်ထုတ်ရေးသားသည့် သတင်းစာပညာသည် အကျင့်ပျက်ခြစားမှု၊ အလွဲသုံးစားပြုမှုနှင့် ဥပဒေဆန့်ကျင် လုပ်ကိုင်မှုများကို ဖော်ထုတ်အရေးယူရာတွင် များစွာအထောက်အကူပြုပါကြောင်း၊ သို့သော် ထိုသို့ရေးသားသည့် သတင်းသမားသည် သန့်ရှင်းသောလက်ဖြင့် ထိုသတင်းများကို ရေးသားရန် အလွန်အရေး ကြီးပါကြောင်း။

မိမိတို့နိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပေါ်ထွန်းရန် ကြိုးပမ်းခဲ့စဉ်တုန်းက မီဒီယာများသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါကြောင်း၊ ယခုမိမိတို့နိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ရှိနေပြီဖြစ်ပြီး စိန်ခေါ်မှုများစွာ တွေ့ကြုံနေရပါကြောင်း၊ ဤစိန်ခေါ်မှုများကို ကျော်လွှားပြီး ဒီမိုကရေစီပန်းတိုင်ကို အရောက် ရှေ့ဆက်လျှောက်နိုင်ရန် မီဒီယာများက ဆက်လက်ကူညီပေးကြပါလို့ မေတ္တာရပ်ခံလိုပါကြောင်း၊ ယခုစကားဝိုင်းမှ မိမိတို့နိုင်ငံအတွက် အကျိုးပြုမည့် ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ထင်မြင်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဖလှယ်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် USAID - PRLM မှ Chief of Party Mr. Robert La Mont က အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲတွင် တရားရေးကဏ္ဍဘက်မှ မီဒီယာအတွက် သတင်းအချက်အလက် ထုတ်ပြန်နေမှုအခြေအနေ၊ တရားဥပဒေ စိုးမိုးမှု မြှင့်တင်ရေးအတွက် တရားရေးကဏ္ဍနှင့် မီဒီယာတို့ ထိတွေ့ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တရား ဥပဒေ စိုးမိုးမှုနှင့် သက်ဆိုင်သော သတင်းအစီအစဉ်များ ရေးသားထုတ်လုပ်ရာတွင် မီဒီယာများ၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်း များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွန့်ရွှေနှင့် ဦးစိုးဘုန်းမြင့်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တရားရေးဆိုင်ရာ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် မီဒီယာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •