ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ (၁/၂၀၁၉) အစည်းအဝေး ကျင်းပ

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ (၁/၂၀၁၉) အစည်းအဝေး ကျင်းပ


Ministry of Information/ ​နေပြည်တော် / July 29, 2019
image_latest


နေပြည်တော် ဇူလိုင် ၂၉

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှေးဦးအရွယ် ကလေး သူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ (၁/၂၀၁၉) အစည်းအဝေးကို  ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှေးဦးအရွယ် ကလေး သူငယ်သည် မွေးစမှ အသက် (၈) နှစ် အရွယ်အထိဖြစ်ပြီး အသက် (၈) နှစ်နောက်ပိုင်းတွင် ထိရောက်အောင်မြင်သော သင်ကြားမှု၊ သင်ယူမှုများအတွက် အဆင်သင့်ဖြစ်ရန် နည်းစနစ် မှန်ဖြင့် ပြုစုပျိုးထောင်ထားရမည့် အသက်အရွယ်ကာလဖြစ်ကြောင်း၊ အဆိုပါကာလသည် ဦးနှောက်ဖွံ့ဖြိုးမှု အားအကောင်းဆုံးအချိန်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး လုပ်ငန်းနှင့်အတူ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဤအသက်အရွယ်အတွင်း ခံစားရရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် မူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း။

 

 

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် လုပ်ငန်းအားဖြင့် မိဘများ၏ ပါဝင်ဆောင်ရွက်မှု နှင့် မိသားစုဝင်များပါ သိရှိရန်လိုအပ်ကြောင်း၊ မူကြိုမှာ အစိုးရ၊ ပုဂ္ဂလိက၊ ကိုယ့်အားကိုယ်ကိုးမူကြိုဟူ၍ ၃ မျိုးရှိပါကြောင်း၊ လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူကြိုကျောင်းတက်ရောက်ရန် ကျန်နေသော ကလေးငယ်များ အများအပြား ရှိသည့်အတွက် မူကြိုတက်ရောက်နိုင်ရေးကို အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ လက်ရှိ နေ့ကလေးထိန်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို ကြီးကြပ်ရန် ဥပဒေအရ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟို ကြီးကြပ်ရေးအဖွဲ့နှင့်  နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနက တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ၂၀၁၆ ခုနှစ်အထိ မူလတန်းကြို ကျောင်း (၉၉) ကျောင်းသာ ဖွင့်လှစ်ဆောင်ရွက် လျက်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် (၁၂၈) ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။

 

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ (၁၀၂၅) ကျောင်းရှိ တာဝန်ခံနှင့်  စာသင် ဆရာမများကို လစာနှင့်  သင်ထောက်ကူပစ္စည်းကြေးများ တစ်စိတ်တစ်ပိုင်း ထောက်ပံ့နိုင်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် နေ့ကလေးထိန်း မိခင်ဝိုင်း (၆၄၂) ဝိုင်းကို ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုကို တိုင်းတာစစ်ဆေးရန် အတွက် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု အခြေအနေတိုင်းတာ စစ်ဆေးပံ့ပိုးခြင်းဆိုသည့် ဝန်ဆောင်မှုလုပ်ငန်းကို တတ်ကျွမ်းနားလည်သည့် ပညာရှင်များပါဝင်သော ရှေ့ပြေးစီမံချက် အဖွဲ့ဖြင့်  မြို့နယ် (၇) မြို့နယ်မှ အသက် (၅) နှစ်အောက် ကလေးငယ်များနှင့်မိဘများကို အသိပညာပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်းဖြင့်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ စနစ်တကျနည်းစနစ်မှန် ပြုစု စောင့်ရှောက်မှု ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကလေးသူငယ်များကို ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းပါ တစ်ပြိုင်တည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မူကြိုများ၊ နေ့ကလေးထိန်းများ ဖွင့်လှစ်မည့်သူများသည် တည်ထောင်ခွင့်ပြု မိန့်လိုအပ်ပါကြောင်း၊  နေ့ကလေးထိန်းများ၊ မူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်ရာတွင် အရည်အသွေး ပြည့်မှီရန်နှင့် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီလည်း လိုက်နာရန်လိုအပ် ပါကြောင်း၊  ရှေးဦးအရွယ်ကလေးသူငယ်များကို စနစ်တကျ ပြုစုပျိုးထောင်ခြင်း လုပ်ငန်းတွင် ကြုံတွေ့ရသည့်အခက်အခဲများအပေါ်  ဝိုင်းဝန်းဆွေးနွေးပေးစေ လိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က လက်ရှိဆောင်ရွက်နေသော ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အကြောင်း ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေး အဖွဲ့များမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ အပေါ် တွေ့ကြုံရသည့် အခက်အခဲများ၊ ဖြေရှင်း ဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေး ခဲ့ကြပြီး ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် တွေ့ကြုံရသည့် အခက်အခဲများအပေါ် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေး ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

HOT NEWS
January 4,