ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူး ပေါင်းကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူး ပေါင်းကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု


Ministry of Information/ ​နေပြည်တော် / August 09, 2019
image_latest


 

နေပြည်တော် ဩဂုတ် ၉

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူး ပေါင်းကော်မတီ၏ အစီရင်ခံစာကို ယနေ့ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် ဒသမနေ့ အစည်း အဝေးတွင် အတည်ပြုလိုက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း ဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ ထပ်မံရှင်းလင်း တင်ပြရန်မရှိပါ ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်ကို သေချာစွာမှတ်သားနာယူ ပြီး ရှေ့လုပ်ငန်းစဉ်ဖြစ်သည့် ဥပဒေကြမ်းရေးဆွဲရေးတွင် ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ကြောင်းနှင့် ကော်မတီ၏ အစီရင်ခံစာအပေါ် အချို့လွှတ်တော်ကိုယ်စားလှယ်များ ကထောက်ခံ၊ အချို့လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြ သည့်အတွက် ယင်းအစီရင်ခံစာကို အတည်ပြုပေးရန် လွှတ်တော် ၏အဆုံးအဖြတ်ရ ယူရန်လိုအပ်ပါသဖြင့် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရန် ပြောကြားသည်။

 

ပြည်ထောင်စုလွှတ်တော် နာယကက ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ စက်ခလုတ်အသုံးပြု၍ ဆောင်ရွက်ရာ ထောက်ခံဆန္ဒမဲများသဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

 

 ထို့ပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ပြည်ထဲရေးဝန်ကြီးဌာန၏ ကျပ်၂၄၅၈၁ ဒသမ ၉ဝဝ သန်း ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ အမှတ် (၁) မှ (၈) အထိနယ် ခြားစောင့်ရဲတပ်ဖွဲ့ ခွဲများတွင် လိုအပ်လျက်ရှိသည့် လုံခြုံရေးသုံးပစ္စည်းများ ဝယ်ယူရန်နှင့်ခြံစည်းရိုး ကာရန်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ် ၁၉,၁၀၃ ဒသမ ၉၀ သန်း၊ ရခိုင်ပြည်နယ် ရဲ တပ်ဖွဲ့ရှိ ရဲစခန်းများ၊ ရဲကင်းစခန်းများနှင့် အမှတ် (၃၁) လုံခြုံရေးရဲတပ်ဖွဲ့ကို ခြံစည်းရိုးကာရန်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် ၁၁,၅၀ ဒသမ ၆၉၄ သန်းနှင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်ရဲတပ်ဖွဲ့တို့တွင် လေပြင်းတိုက် ခတ်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦများအား အစားထိုး ဆောက်လုပ်ခြင်းအတွက် ငွေကျပ် ၄၃,၂၇ ဒသမ ၃၀၁ သန်း စုစုပေါင်း ရန်ပုံငွေ ၂၄,၅၈၁ ဒသမ ၉ သန်းလိုအပ်လျက် ရှိပါကြောင်း။

 

အဆိုပါ လိုအပ်လျက်ရှိသည့်ကုန်ကျငွေကျပ် ၂၄,၅၈၁ ဒသမ ၉ သန်းကို ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းပေးအပ်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံး စရိတ် ခွင့်ပြုရန်ပုံငွေ အသုံးစရိတ်ငွေမှ ပိုလျှံငွေမရှိသည့်အတွက် အရေးပေါ်ရန်ပုံငွေမှ ခွင့်ပြုပေးနိုင်ပါ ရန် နိုင်ငံတော်သမ္မတရုံးသို့တင်ပို့ခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက် ရယူ၍ စီးပွားရေးရာ ကော်မတီမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက် တင်ပြခဲ့ရာ ခွင့်ပြုချက်များရရှိပြီးဖြစ် ပါကြောင်း၊ အဆိုပါခွင့်ပြုငွေများအား ဘဏ္ဍာရေးလုပ်ထုံးလုပ် နည်းများနှင့်အညီ သုံးစွဲသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

 ပြည်ထောင်စုလွှတ်တော်နာယကက အရေးပေါ်ရန်ပုံငွေမှ ပြည်ထဲရေး ဝန်ကြီးဌာန၏ ငွေကျပ် ၂၄၅၈၁ ဒသမ ၉၀၀ သန်း ခွဲဝေသုံးစွဲထားမှုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က နိုင်ငံတော်သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့ ထားသော မြေသိမ်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီ ရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။

 

ပြည်ထောင်စုလွှတ်တော်နာယကက အထက်ပါဥပဒေကြမ်းနှင့်စပ်လျဉ်း ၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို အဆိုတင်သွင်း ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် ဒေါ်နီနီဒွန်းက ပြည်ထောင်စုအစိုးရအဖွဲ့ မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ပထမ ၆လပတ် အခွန်ရငွေစာရင်းများနှင့်စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ် ချက် အစီရင်ခံစာ(၁၂/၂၀၁၉)ကို ဖတ်ကြားတင်သွင်းပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန်အဆို တင်သွင်းရာ ပြည်ထောင်စု လွှတ်တော်နာယကက ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

 ထို့နောက် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၆ လတာကာလ (၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့အထိ) လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့်စပ်လျဉ်း ၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးက အမျိုးသားပညာရေး မဟာဗျုဟာစီမံကိန်း (၂၀၁၆-၂၀၂၁) စာအုပ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၁ ရာစုတွင် မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် ကလေးများအနေဖြင့် အသိပညာအသစ်အဆန်းများ၊ တတ်ကျွမ်းမှုများ၊ တီထွန်ဖန်တီးခြင်းများ၊ ဆန်းစစ်ဝေဖန်ခြင်းများ၊ ယဉ်ကျေးမှုဆိုင်ရာတန်ဖိုးထားမှုများနှင့်အတူ ကျင့်ဝတ်စည်းကမ်းများရရှိရေးအတွက် အမျိုးသားပညာရေးစနစ်ကို အဓိကပြုပြင် ပြောင်းလဲ ရမည်ဟု ညွှန်ပြထားသည်ကို တွေ့ရှိရပါကြောင်း။

 

ထို့ကြောင့် အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့် အမျိုးသားသင်ရိုး ညွှန်းတမ်းတို့အနေဖြင့် အမိနိုင်ငံတော်၏ အနာဂတ် အတွက် လက်ငင်းလိုအပ်နေသည့် ကျင့်ဝတ်စည်းကမ်းဥပဒေများကို လေးစားတန်ဖိုးထား စွဲမြဲလိုက်နာ စေရေး သင်ခန်းစားများကို သင်ရိုးတွင်ထည့်သွင်းနိုင်ရေးစိစစ် ဆောင်ရွက်ပေးပါရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

 

သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်းက သင်ရိုးညွန်းတမ်းကော်မတီသည် ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ဆွေးနွေးမှုများစွာလုပ်ခဲ့သည့်အပြင် မြေပြင်ဆန်းစစ်ခြင်းများကိုပါ လုပ်ဆောင်ခဲ့သည် ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွန်စာအုပ်များကို လုပ်ဆောင် ချက် ၉ ချက်ဖြင့် ပြင်ဆင်တည်းဖြတ်ခြင်း၊ သင်ရိုးသစ်နှင့် စပ်လျဉ်းပြီး ကော်မရှင်ထံ အကြံပြုချက် ၅ ချက်ပို့နိုင်ခြင်း၊ အရည် အသွေးရှိသော အခြေခံပညာရေးအတွက် အကြံပြုချက် ၅ချက် ပြုစု တင်ပြနိုင်ခြင်း၊ ရှေ့လုပ်ငန်းစဉ်သုံးရပ်ချက်မှတ်ပေးပို့ခြင်းများ လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရပါ ကြောင်း။

 

အနာဂတ်ကိုပိုင်စိုးမည့် ကလေးများကို အရည်အသွေး မြင့်အောင်လုပ်ဆောင်ရာတွင်ပညာရေး ကဏ္ဍသည် အရေးပါသော ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကိုတန်ဖိုးထား သောစနစ်နှင့် အံဝင်ထက်မြတ်သော လူ့စွမ်းအားမျိုးဆက်သစ်ဖြစ်အောင် မွေးထုတ်ပေးမှသာဖွံ့ဖြိုး တိုးတက်ငြိမ်းချမ်းသော ပါတီစုံဒီမိုကရေ စီနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်သည့်အတွက် သင်ရိုးညွှန်းတမ်းများတွင် ပါတီစုံဒီမိုကရေစီစနစ်၏ အနှစ်သာရနှင့် အလေ့အကျင့်ကို အသက်အရွယ် နှင့်လိုက်လျောညီထွေစွာ ထည့်သွင်းသင်ကြားပေးရန် အကြံပြုပါကြောင်း ဆွေးနွေးသည်။ 

 

ဓနုဖြူမဲ ဆန္ဒနယ်မှ ဦးတင်လှက ပညာရေး၏ အဓိကရည်ရွယ်ချက်သည် စာတတ်ရုံ၊ စာတော်ရုံမျှသာ မဟုတ်ဘဲ ဘက်စုံကျွမ်းကျင်နားလည်သော၊ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သော ဗလငါးတန်နှင့် ပြည့်၀ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာ ရရှိရေးပင်ဖြစ်ပါကြောင်း၊ နိုင်ငံသားတစ်ဦးချင်း၊ အဖွဲ့အစည်းအလိုက် တစ်နိုင်ငံလုံးခေတ်မီပညာရပ်များကို မြန်မြန်တတ်စေပြီး အလုပ်အကိုင် နှင့် စီးပွားရေးအခွင့်အလမ်းများကို မြန်မြန်နှင့်များများပေး၍ နည်းနည်း ယူသည့် စနစ်သည် ယနေ့စီးပွားရေးနှင့်ပညာရေး၏ သော့ချက်ဖြစ် ပါကြောင်း။

 

အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာသည် အမျိုးသားပညာရေးဥပဒေ ၂၀၁၄ ကိုပြင်ဆင်ပြီး ၂၀၁၅ ဥပဒေတို့ကို လိုက်နာ၍ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ပါ မဟာဗျူဟာမြောက် အပြောင်းအလဲ ၉ ရပ်ကို အခြေပြုပြီး ၂၀၂၁ ခုနှစ်တွင် မြန်မာ့ပညာရေးကဏ္ဍတစ်ခုချင်းစီ၏ ရည်ရွယ်ထားသော အနာဂတ် အခြေအနေကို ဖော်ပြထားသည့် မျှော်မှန်းချက်များကို မီးမောင်းထိုး ပြသည့် လမ်းပြမြေပုံတစ်ခုဖြစ် သည့်အတွက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ထို့အတူ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးကျော်နိုင်၊ စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ နော်လှလှစိုး၊  သီပေါမဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင်၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇) နော်ခရစ္စထွန်း (ခေါ်)ဒေါက်တာအားကာမိုး၊ ငပုတောမဲဆန္ဒနယ်မှ ဦးသန်းအောင်၊ မိုင်းပျဉ်း မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်း၊ မင်းလှ မဲဆန္ဒနယ်မှ ဦးကျော်ကြီး(ခေါ်)ဦးအုန်းခင်၊ ရမ်းဗြဲမဲဆန္ဒနယ်မှ ဦးကျော်ရွှေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆)မှ ဦးဝင်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်းနှင့်   မိုင်းတုံ မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦးတို့က ဆွေးနွေးကြသည်။

 

ပြည်ထောင်စုလွှတ်တော်နာယကက အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ ၆ လတာ ကာလ လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးရန်ကျန်ရှိသည့် ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်းအစီအစဉ်များကို ဩဂုတ် ၁၃ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ဆက်လက်ဆောင် ရွက်သွားရန် လျာထားကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နား လိုက်သည်။

 

သတင်း-မော်စီ၊ မွှေးကြူဇင်

ဓာတ်ပုံ-ထန်းဖုန်