နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ

နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ


Ministry of Information/ ​နေပြည်တော် / September 08, 2019
image_latest


နေပြည်တော် စက်တင်ဘာ ၈

၂၀၁၉ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ၌ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော် ပျဉ်းမနားမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “အနာဂတ် မျှော်တွေးစဉ်ဆက်ပညာရေးသီချင်း”ကို ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယက ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာနိုင်ငံတွင် စာတတ်မြောက်ရေး (အသုံးလုံး) လှုပ်ရှားမှုများကို ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ စာတတ်မြောက်ရေးလုပ်ငန်းများ၏ အောင်မြင်မှု အပေါ် ယူနက်စကိုအဖွဲ့ချုပ်မှ ပေးအပ်သည့် မိုဟာမက်ရီဇာပါလာဗီဆုနှင့် နိုမာဆုတို့ကို မြန်မာနိုင်ငံအနေဖြင့် ၁၉၇၁ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် လက်ခံရရှိခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနှင့် နောက်ဆက်တွဲ အစီရင်ခံစာအရ အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူပေါင်း ၃ ဒသမ ၅ သန်းခန့်ရှိနေခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီး သော စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုအညွှန်းကိန်း တိုးတက် နိုင်ရေးအတွက် စာတတ်မြောက်ရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးရေးတွင် အခန်းကဏ္ဍတစ်ရပ်အနေဖြင့် အရေးကြီးပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကဏ္ဍ၌ ယခုပညာသင်နှစ် တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျောင်းပေါင်း ၁၂၄၈၈ ကျောင်း တွင် ကျောင်းသား ကျောင်းသူပေါင်း ၇၆၆၇၃၁ ဦးကို တိုင်းရင်းသား ဘာသာစကားသင် ဆရာ ဆရာမပေါင်း ၂၀၁၉၉ ဦးနှင့် သင်ကြားမှု အထောက်အကူပြု Teaching Assistant ၁၁၇၁၈ ဦးဖြင့် တိုင်းရင်းသား ဘာသာစကား တတ်မြောက်သင်ကြားနိုင်အောင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဌာနမှတာဝန်ရှိသူများ နှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ထားပါကြောင်း။

ယနေ့ မျက်မှောက်ကာလတွင် ပညာသင်ယူနိုင်သည့် အခြေခံအခွင့် အလမ်းဖြစ်သော စာတတ်မြောက်ရေးနှင့် တိုင်းရင်းသားဘာသာ စာပေ အသီးသီး၏ကဏ္ဍကို တစ်ပေါင်းတစ်စည်းတည်း မြှင့်တင်ဆောင်ရွက်ရန် ယူနက်စကိုအဖွဲ့ကြီးက တိုက်တွန်းထားခြင်းဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာ့ ပြောင်းလဲတိုးတက်မှုများကြောင့် လူတိုင်းအတွက်မျှတသည့် အခွင့် အလမ်းများ ပိုမိုရရှိနိုင်ရန်၊ စာတတ်မြောက်ရေးနှင့်အတူ လူမျိုး၊ ဘာသာ၊ အသားရောင် မခွဲခြားဘဲ အကျိုးကျေးဇူးများ ညီတူညီမျှ ရရှိနိုင်ရန် အမျိုးမျိုးသော တိုင်းရင်းသား ဘာသာစကားများကို လူမျိုးအလိုက် တတ်မြောက်အောင် သင်ကြားပေးကြရန် ယခုနှစ် နိုင်ငံတကာ စာတတ် မြောက်ရေးနေ့ ဦးတည်ချက်ဆောင်ပုဒ်အဖြစ် ထုတ်ပြန်ထားကြောင်း။

ယခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အတွက် ချမှတ်ထားသည့် “စာတတ်မြောက်ရေး ဖွံ့ဖြိုးဖို့ တိုင်းရင်းသားဘာသာစာပေမြှင့်တင်စို့” ဆောင်ပုဒ်အတိုင်း အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာပြီးအသိပညာမြင့်မားသည့် လူသားအရင်းအမြစ်များ ပေါ်ထွန်း လာရေးကို ယခုထက် ပိုမိုမြှင့်တင်ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

ယင်းနောက် ၂၀၁၉ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်း အမှတ် စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်း ကိုပြသပြီး မြန်မာနိုင်ငံ ယူနက်စကို အမျိုသား ကော်မရှင် အထွေထွေ အတွင်းရေးမှူး ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ယူနက်စကို ညွှန်ကြားရေးမှူးချုပ်ထံမှ သဝဏ်လွှာကို ဖတ်ကြား၍ ၂၀၁၉ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ဆိုင်ရာ Concept Note ကောက်နှုတ်ချက်ကို တိုင်းရင်းသား ဘာသာစကားများဖြင့် ဖတ်ကြား ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာဝင်းမြတ်အေး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းတို့က ကျောင်းပြင်ပ ပညာရေးအစီအစဉ်တွင် တက်ရောက်အောင်မြင်ပြီးနောက် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၂ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ပေးအပ်ကြသည်။

ယင်းနောက် ပျဉ်းမနားမြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း မှ ကျောင်းသား ကျောင်းသူများက “တို့အင်တို့အား” သီချင်းဖြင့် တေးသရုပ်ဖော် ဂုဏ်ပြုဖျော်ဖြေကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတကာ စာတတ် မြောက်ရေးနေ့ အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှု ကြသည်။

 

(သတင်းစဉ်)

 

HOT NEWS
January 4,