နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား


Ministry of Information/ ​နေပြည်တော် / September 16, 2019
image_latest


နေပြည်တော် စက်တင်ဘာ ၁၅

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့(International Day of Democracy 2019) အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်၍ မိန့်ခွန်းပြောကြားကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဧည့်သည်တော်များ သည် သဘင်ဆောင်အတွင်း၌ ခင်းကျင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားများ၊ မြန်မာ လွှတ်တော်နှစ်ပတ်လည်နေ့ အခမ်းအနားများ၊ လွှတ်တော်တွင် ကတိသစ္စာပြုမှုများ၊ လွှတ်တော်ရေး ရာကော်မတီဥက္ကဋ္ဌများ၏ ဧည့်သည်လက်ခံတွေ့ဆုံမှု၊ လွှတ်တော်ပူးပေါင်းကော်မတီ အစည်းအဝေးများ၊ လွှတ်တော်ရေးရာကော်မတီအစည်းအဝေးများ၊ ATPA အစည်းအဝေး တက်ရောက်မှုများ၊ IPU အစည်းအဝေးတက်ရောက်မှုများ၊ မြန်မာလွှတ်တော်အဆောက်အဦများ၊ မြန်မာလွှတ်တော်နာယက၊ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၏ မှတ်တမ်းဓာတ်ပုံများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ ပြည်ပခရီးစဉ်များ၊ ဧည့်သည် တော်မှတ်တမ်းလက်မှတ်ရေးထိုးမှုများ၊ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင် ရာဒီမိုကရေစီနေ့ အထိမ်းအမှတ်ပြိုင်ပွဲဆုရ ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီများ၊ လွှတ်တော်ရေးရာ ကော်မတီများအလိုက် ကွင်းဆင်းစိစစ်ဆောင်ရွက်မှုများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအတွက် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ မြန်မာလွှတ်တော်သို့ လာရောက် လေ့လာမှုများ၊ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်ကျင်းပခဲ့သော လွှတ်တော်အထောက်အကူပြု ဟောပြောပွဲများ၊ ဖက်ဒရယ်နိုင်ငံ များဖိုရမ်ကစီစဉ်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်များ၊ ဖက်ဒရယ်နိုင်ငံများဖိုရမ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များ ပူးပေါင်း ကျင်းပခဲ့သည့် ဖက်ဒရယ်စနစ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ၊ ဖက်ဒရယ်နိုင်ငံများ ဖိုရမ်နှင့် ပြည်ထောင်စုလွှတ်တော်တို့အကြား ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီမိုကရေစီနေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဒီမိုကရေစီနေ့အထိမ်းအမှတ် မိန့်ခွန်းမှာ အောက်ပါအတိုင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို ကြွရောက်လာကြတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ပြည်တွင်းအသင်းအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ စသည့် ဧည့်သည်တော် များအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များကတော့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိတဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံများကို ဂုဏ်ပြုဖို့၊ ဒီမိုကရေစီကျင့်စဉ်များကို အားပေးမြှင့်တင်ဖို့၊ ပြည်သူများအကြား ဒီမိုကရေစီစိတ်ဓာတ် ခိုင်မာလာစေဖို့၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေကြဖို့နဲ့ ဒီမိုကရေစီရှင်သန် အမြစ်တွယ်ဖို့တို့အတွက် ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်တွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှု အရေးပါ

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ပြည်ထောင်စု လွှတ်တော်ကြီးက “ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့’’ လို့ သတ်မှတ်ထားပါတယ်၊ “ဒီမိုကရေစီဆိုတာ ပြည်သူလူထုအတွက် (for the people) ပြည်သူလူထုက တင်မြှောက်တဲ့ (by the people) ပြည်သူလူထုရဲ့ အစိုးရ (Government of the People) ဖြစ်ပါတယ်”။ ဒါ့ကြောင့် ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုကို ဗဟိုပြုမှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှုကို ပေါ်လွင်စေပါတယ်။ ထို့အတူ “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်” ဟူသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ နိုင်ငံတော်အခြေခံမူအရ ဒီမိုကရေစီစနစ်တွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှု အရေးပါ ပုံကို ထင်ရှားစေပါတယ်။

ဒီမိုကရေစီနိုင်ငံမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ အဖိုးအနဂ္ဂထိုက် တန်တဲ့ လောကပါလတရားများ ထွန်းကားပါတယ်။ ဒီမိုကရေစီက ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို အခြေခံတဲ့စနစ် ဖြစ်ပါတယ်။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့မှာ ချိတ်ဆက်လျက် ရှိနေတာကြောင့် တစ်ခုချိုးဖောက်ခံရလျှင် ကျန်တဲ့အခွင့် အရေးများလည်း ဆုံးရှုံးရပါတယ်။ ဒီမိုကရေစီက နိုင်ငံသူ နိုင်ငံသားများအားလုံးကို လူမျိုး၊ ဘာသာ၊ ကျား/မ မခွဲခြားဘဲ ကာယ၊ဉာဏ၊ ဝီရိယ စွမ်းအားအလိုက် အခြေအနေများ သာတူညီမျှဖြစ်ရေးကို ဦးတည်ပါတယ်။ ဆင်းရဲချမ်းသာ မျက်နှာကြီးငယ် မရွေးဘဲ အခွင့်အလမ်းများ တန်းတူ ရည်တူဖြစ်ရေးကို အာမခံပါတယ်။ ဒါ့အပြင် ဥပဒေဘောင်အတွင်း အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်တို့ကို ဖြစ်စေပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရက်တစ် နိုင်ငံရေးစနစ် မရှိရင် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် မပေါ်ပေါက်နိုင်သလို သန့်ရှင်းတဲ့ အစိုးရဆိုတာလည်း မဖြစ်နိုင်ပါ။ ဒါတွေကို ပြည်သူလူထုကြီးက ကောင်းစွာ နားလည်သဘောပေါက် ထားတာကြောင့် ဒီမိုကရေစီကို စဉ်ဆက်မပြတ် လိုလားတောင့်တ နေကြတာဖြစ် ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ဖြစ်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး (Democratization) ဆောင်ရွက်ရာတွင် အခြေခံလုပ်ငန်းစဥ် (၃) ရပ်ရှိကြောင်း ဖတ်ရှုလေ့လာဖူးပါတယ်။ ဒါတွေကတော့-

(၁) ထိန်းချုပ်မှုများ ဖြေလျှော့သည့်အဆင့် - Liberalization

(၂) ကူးပြောင်းရေးအဆင့် - Transition

(၃) ခိုင်မာရေးအဆင့် - Consolidation

တို့ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဘယ်အဆင့်လောက်မှာပဲ ရှိသေးတယ် ဆိုတာကို မိဘပြည်သူများကိုယ်တိုင် ချင့်ချိန်သုံးသပ်ကြ စေလိုပါတယ်။ ဒီမိုကရေစီ ခိုင်မာရေးအဆင့် ရောက်ရန် မိဘပြည်သူများအားလုံး ဆက်လက်ပူးပေါင်းပါဝင်ပြီး တက်ညီလက်ညီ ချီတက်ကြဖို့လည်း လိုအပ်ပါတယ်။ ဒီမိုကရေစီလမ်းစပေါ် ခြေချခါစပဲရှိသေးပြီး ဒီမိုကရေစီပန်းတိုင်ကို မရောက်သေးဘူးဆိုတာ ပြည်သူလူထု ကြီးတစ်ရပ်လုံး သတိချပ်စေလိုပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှု

ယခုလို ဒီမိုကရေစီရှင်သန်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရာတွင် လူပုဂ္ဂိုလ်အသီးသီး၊ အဖွဲ့အစည်းအသီးသီးက တည်ဆဲဥပဒေများကို လေးစားကြရမှာဖြစ်သလို စည်းမျဉ်း၊ စည်းကမ်းများကိုလည်း လိုက်နာကြရ မှာဖြစ်ပါတယ်။ ဒီမိုကရေစီကျင့်စဉ်အရ အများစုရဲ့ဆန္ဒကို လက်ခံလိုက်နာရသလို အနည်းစုရဲ့သဘောထားကို လေးစားရမှာဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ သဘော သဘာဝအရ အမြင်မတူအယူအဆကွဲပြားမှု များရှိကြသော်လည်း ယင်းမတူ ကွဲပြားမှုများကို နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားကို ဦးထိပ်ထားပြီး စေ့စပ်ညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာကြမှသာလျှင် ဒီမိုကရေစီကျင့်စဉ် ဖွံ့ဖြိုးတိုးတက်လာမှဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ မဏ္ဍိုင်ကြီးများဖြစ်ကြတဲ့ သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတို့ကို အခြေခံလျက် ဆွေးနွေးညှိနှိုင်းကြရတာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဖြူစင်တဲ့စိတ်ထား မျှတတဲ့သဘောထားရှိလျှင် မှန်ကန်တဲ့အဖြေကိုရရှိမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ဒီမိုကရေစီကို အမှန်တကယ် သက်ဝင်ယုံကြည်ကြပါက အမုန်းစကားများကို ရှောင်ရှား၊ အမုန်းတရားများကိုကျော်လွှားပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေးရှုကြရန် လိုအပ်ပါတယ်။

ပြည်သူလူထုရဲ့အသက်၊ သွေးချွေးနဲ့ ဘဝတွေပေးဆပ်ပြီးမှ ခက်ခက်ခဲခဲရရှိလာတဲ့ ဒီမိုကရေစီအပင်ပေါက်လေးကို အညွန့်ချိုးမခံရအောင် အားလုံးက ဝိုင်းဝန်းပြုစု ပျိုးထောင်စောင့်ရှောက်ကြစေလို ပါတယ်။ ဒီမိုကရေစီရှင်သန်ရေးအတွက် နိုင်ငံသားအားလုံး ငေးငိုင်မနေကြရန် အလစ်အငိုက်မမိကြရန် အရေးကြီးလှပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ ဆိတ်သုဉ်းခဲ့တဲ့ ဒီမိုကရေစီနဲ့ ဆုံးရှုံးခဲ့တဲ့ ဖက်ဒရယ် အခွင့်အရေး ပြန်လည်ရရှိရန် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် ပေါ်ပေါက်ရေးကို ဦးတည်ကြိုးပမ်းလျက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းဟာ ဖက်ဒရယ်ခိုင်မာရေးကို အားပေးပါတယ်။ ထို့နည်းတူ ဖက်ဒရယ်စနစ် ကျင့်သုံးခြင်းကလည်း ဒီမိုကရေစီစနစ် တည်တံ့ရေးကို အထောက်အကူပြုပါတယ်။ ဒါ့ကြောင့် ရှိသင့်ရှိထိုက်တဲ့ ဒီမိုကရေစီအင်္ဂါရပ်များနဲ့ ပါသင့်ပါထိုက်တဲ့ ဖက်ဒရယ်ရဲ့မူများကို ဥပက္ခာပြု၍ မရနိုင်ကြောင်း ဂရုပြုကြ စေလိုပါတယ်။ ဖက်ဒရယ်ရဲ့ အခြေခံဟာ တိုင်းရင်းသားများအကြား တန်းတူညီတူ အခွင့်အရေးရရှိစေခြင်း ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိစေခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ တိုင်းရင်းသားများအားလုံး ဥမကွဲ သိုက်မပျက် စည်းလုံးညီညွတ်စွာ အတူတကွ မခွဲစတမ်း နေထိုင်ခြင်းကို ရရှိစေပါတယ်။

ဒီမိုကရေစီ မရှိသေးတဲ့ ဒါမှမဟုတ် အပြည့်အဝ မရသေးတဲ့ နိုင်ငံတွေမှာ လူမျိုးရေး ပြဿနာများနဲ့ စိတ်ဝမ်းကွဲပားမှုများဟာ ဒီမိုကရေစီရှင်သန်ရေးကို အတားအဆီးဖြစ်စေကြောင်း သတိပြုကြစေလိုပါသည်။ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ပိုမိုလျင်မြန်စေရန် တိုင်းရင်းသားများအားလုံး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ရရှိမှာလည်း လိုလိုလားလား ပူးပေါင်းဆောင်ရွက်ကြရန် ၊ ငြိမ်းချမ်းသာယာ ဝပြောရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင် ဥပဒေများကို ရေးဆွဲပြဌာန်းခြင်း၊ ဖြည့်စွက်ခြင်းတို့ ပြုလုပ်ရာတွင် ဒီမိုကရေစီရဲ့ အခြေခံ စံချိန်စံညွှန်းများ ၊ လူ့အခွင့်အရေးရဲ့ အခြေခံ စံနှုန်းစံထားများကို ဖြည့်ဆည်းပေးရန် လိုအပ်ပါတယ်။ ဒီလိုဥပဒေတွေ ပြဋ္ဌာန်းရာမှာ ဒီမိုကရေစီမျိုးစေ့ကို ပြန်လည်ဖျက်ဆီးမယ့် မျိုးဥ မပါရှိစေရန် အထူးလိုအပ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီကို တန်ဖိုးထားပြီး လူ့အခွင့်အရေးကို မြတ်နိုးတဲ့ ကျင့်စဥ်များကိုလည်း ဖြည့်စွက်ပံ့ပိုးပေးရ ပါလိမ့်မယ်။

ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ ဒီမိုကရေစီရဲ့ အသက်သွေးကြောဖြစ်

ဒီမိုကရေစီကို အမှန်တကယ် ယုံကြည်လက်ခံတယ်ဆိုရင် ဒီမိုကရေစီကျင့်စဉ်ဆိုတာ နောင်မှ ကျင့်သုံးမယ်ဆိုတာထက် ယနေ့ကပင် စတင်ကျင့်သုံးရတာမျိုး ဖြစ်တယ် ဆိုတာကို အားလုံးက လက်ခံဖို့လိုအပ်ပါတယ်။ ဒီမိုကရေစီမှာ မဲဆန္ဒရှင် ပြည်သူ လူထု၏ ဆန္ဒသည်သာ နိုင်ငံရေးအချုပ် အခြာအာဏာပိုင်တဲ့အတွက် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ ဒီမိုကရေစီရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ခြင်းဟာ ဒီမိုကရေစီ ရှင်သန်ရေးကို ပိုမိုအားကောင်းစေပါတယ်။

ဒီမိုကရေစီရေးဆိုတာ ပြည်သူလူထုရဲ့ အရေးကိစ္စဖြစ်တဲ့အတွက် ပြည်သူပြည်သားအားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အကောင်အထည် ဖော်ရတဲ့ကိစ္စဖြစ်ပါတယ်။ ယခုလို ဒီမိုကရေစီရေးလုပ်ငန်းစဥ်များတွင် ပြည်သူလူထုတက်ညီလက်ညီ ပူးပေါင်းပါဝင်ခွင့်ရရှိခြင်းဟာ မြန်မာနိုင်ငံရေးသမိုင်းမှာ ကြုံတောင့်ကြုံခဲ အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။ ဒီမိုကရေစီရရှိရေးအတွက် ခေတ်အဆက်ဆက် ဘဝတွေပေးသွားတဲ့ ပုဂ္ဂိုလ်များရဲ့ ဆက်လက် မလျှောက် လှမ်းနိုင်တော့တဲ့ ဒီမိုကရေစီခရီးကြမ်းကို သမိုင်းပေးတာဝန်အရ ကျွန်တော်တို့အနေနဲ့ ဆက်လက်ကြိုးပမ်းနေကြခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီရှင်သန်ရေးဆိုတာ ရပ်တန့်မနေဘဲ လုပ်ငန်းစဉ်ကြီး တစ်ရပ်ဖြစ်တဲ့အတွက် ပြည်သူလူထု အားလုံး ကလည်း စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အထူးလိုအပ်လှပါတယ်။

ဒီမိုကရေစီပန်းတိုင်ရောက်ရှိရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး၊ အာဏာရှင်ဆန်ပြီး ပြည်သူလူထုကို ဖိစီးနှိပ်စက်မယ့် နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားခြင်းမရှိစေရေး၊ အခြေခံလူ့အခွင့်အရေးများကို အာမခံမယ့် စစ်မှန်တဲ့ဒီမိုကရေစီနစ်ဖြစ်ပေါ်ရေး၊ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဟာ ပြည်သူလူထုထံမှ ဆင်းသက်တယ်ဆိုတဲ့ ဒီမိုကရေစီအခြေခံမူခိုင်မြဲရေးတို့အတွက် ဒီမိုကရေစီရဲ့ မောင်းနှင်အားဖြစ်တဲ့ ပြည်သူလူထုအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုစု ပေါင်းအင်အားဖြင့် ရှေ့ခရီးဆက်ကြပါစို့လို့ တိုက်တွန်းနှိုး ဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီနေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ အောက်ပါ အတိုင်းဖြစ်သည်။

ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ဖြစ်ပါတယ်။ ဒီလိုအခမ်းအနားတွေ ကျင်းပတဲ့အခါ ကျွန်မတို့အနေနဲ့ အခမ်းအနားကျင်းပခြင်းရဲ့ အကြောင်းတွေကိုလည်း လေ့လာဖို့လိုပါတယ်။ ရည်ရွယ်ချက်တွေကိုလည်း စဉ်းစားဖို့လိုပါတယ်။ အခုကျွန်မတို့ ဒီနေ့မှာ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အနေနဲ့ ကျင်းပရတာဟာ ကမ္ဘာတစ်ဝှမ်းမှာ ဆိုရင် ဒီမိုကရေစီကို အလေးထားလာတဲ့နိုင်ငံတွေ အင်မတန်များလာလို့ဖြစ်ပါတယ်။ ဒါပေမယ့် အလေးထားတာနဲ့ တန်ဖိုးထားတာဟာ မတူဘူးဆိုတာ ကျွန်မတို့ ဂရုစိုက်ဖို့ လိုပါတယ်။ သတိချပ်ဖို့လိုပါတယ်။ ကျွန်မတို့စဉ်းစားရမှာက ဒီမိုကရေစီဆိုတာ မြေထဲ ပင်လယ်က မြို့လေးတစ်မြို့မှာ နှစ် ၂၅၀ဝ ကျော်လောက်က ပေါက်ဖွားလာတဲ့ စနစ် တစ်ခုဟာ ဘာကြောင့် တစ်ကမ္ဘာလုံးကို ပြန့်သွားတာလဲ။ ဘာကြောင့် ဒီခေတ်ကမ္ဘာ မှာ ဆိုရင် ဒီစနစ်ကို ဘယ်လောက်တောင်မှ အလေးထားကြတာလဲဆိုတာ ကျွန်မတို့ လေးလေးနက်နက်စဉ်းစားဖို့ လိုပါတယ်။

ပြည်သူတွေအတွက်

ဒီမိုကရေစီဆိုတော့လည်း တိုက်ရိုက်ဘာသာပြန်လိုက်မယ်ဆိုရင် ပြည်သူ့အင် အားပေါ့။ ပြည်သူ့တွေရဲ့အင်အားဆိုတော့ အင်အားဆိုတာ အကောင်းအတွက်လည်း သုံးလို့ရသလို အဆိုးအတွက်လည်း သုံးလို့ရပါတယ်။ အကောင်းအတွက်ဆိုရင် ကိုယ် သုံးသလို ကောင်းအောင်လုပ်လို့ရပါတယ်။ ကျွန်မတို့ ဒီနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေ စီနေ့အတွက် သတ်မှတ်ထားတဲ့ဆောင်ပုဒ် အားလုံးပူးပေါင်း ဆောင်ရွက်ကြစို့ဆိုတော့ ဒီမိုကရေစီရှင်သန်ရေးအတွက် ဘယ်လိုကျွန်မတို့ ပူးပေါင်းဆောင်ရွက်မလဲ။ ပြည်သူ့ အင်အားကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးချရေးအတွက် ဘယ်လိုဆောင် ရွက်ကြမလဲဆိုတာကို ကျွန်မတို့စဉ်းစားရ မှာဖြစ်ပါတယ်။ အခြေခံအားဖြင့် ကြည့်လိုက်ရင် အင်အားဆိုတာ မှန်မှန်ကန်ကန် သုံးစွဲဖို့ ဆိုရင် ချိန်ခွင်လျှာညီမျှမှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ ပြည်သူ့အင်အားဆိုတာ ဘယ်သူ့အတွက်လဲ၊ ပြည်သူတွေအတွက်။ ပြည်သူတွေဆိုတာ ဘယ်သူတွေလဲဆိုတော့ တစ်ဦးချင်းတစ်ဦးချင်းပဲ။ ကျွန်မတို့ ပြည်သူတွေအားလုံးဟာ တစ်ဦးချင်း တစ်ဦးချင်းက စတာပဲ။

ကျွန်မတို့တကယ်ပဲ ဒီမိုကရေစီကို တန်ဖိုးထားပြီး ရှင်သန်စေချင်တယ်ဆိုရင် ပရဟိတ၊ အတ္တဟိတ ဒီနှစ်ခုကို ချိန်ခွင်လျှာညီမျှအောင် လုပ်ရမှာဖြစ်ပါတယ်။ နိုင်ငံအများ အပြား၊ အဖွဲ့အစည်းအများအပြားဟာ ဒီမိုကရေစီကို လက်ခံတာဟာ အများက လုပ်ဆောင်ခြင်းအားဖြင့် အများအကျိုးကိုပိုပြီး ထိထိရောက်ရောက် ထမ်းဆောင် နိုင်မယ် ဆိုတာကို ယုံကြည်လို့ ဖြစ်ပါတယ်။ ဒီလိုအများအကျိုးအတွက် လုပ်ဖို့ဆိုရင် ချိန်ခွင်လျှာ ညီမျှဖို့လိုပါတယ်။ ကျွန်မတို့လူသားများဟာ ကိုယ့်အကျိုးအတွက်ပဲ ကိုယ်လုပ်ချင်ကြ တာဖြစ်ပါတယ်။ ဒီဟာကိုလျစ်လျူရှုထားလို့ စနစ်တစ်ခု ကိုအောင်မြင်အောင် လုပ်လို့ ရမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ တကယ်တော့ စနစ်လို့ ဆိုရမှာထက် ယဉ်ကျေးမှု တစ်ခုလို့ပဲ ဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ နိုင်ငံရေးကိစ္စတင်မဟုတ်ပါဘူ။ လူမှုရေး၊ စီးပွားရေး၊ အတွေးအခေါ် ကိစ္စတွေ လည်း ပါပါတယ်။ ဒါကြောင့် ယဉ်ကျေးမှု တစ်ရပ်ပါ။

အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လို

ဒီမိုကရေစီယဉ်ကျေးမှု ရှင်သန်စေချင်ရင် ကျွန်မတို့ တစ်ဦးချင်းတစ်ဦးချင်းဟာ ချိန်ခွင်လျှာညီမျှခြင်းရဲ့ တန်ဖိုးကို သဘောပေါက်ဖို့လိုပါတယ်။ ဥပမာ ကျွန်မတို့ ခဏ ခဏပြောပါတယ်။ ဒီမိုကရေစီအခွင့်အရေးတင် စဉ်းစားလို့မရဘူး။ တာဝန်တွေလဲ စဉ်းစားရမယ်။ အခွင့်အရေးဟာ ကိုယ့်အတွက်ဖြစ်ပြီး တာဝန်ဟာ အများအတွက်။ လူ့အခွင့်အရေးဆိုတာ တစ်ဦးချင်းတစ်ဦးချင်းအတွက်၊ တရားဥပဒေ စိုးမိုးရေးဆိုတာ အများအတွက် ဆိုတာတွေဟာ ချိန်ခွင်လျှာညီမျှရမယ်။ ကိုယ့်အတွက် ပိုလို့ဆိုရင် လည်း မကောင်းသလို အများအတွက်ဆိုပြီးတော့ တစ်ဦးချင်းတစ်ဦးချင်းရဲ့ အခွင့် အရေးတွေ လွတ်လပ်ခွင့်တွေကို ချုပ်ချယ်ရင်လည်း ကောင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ အတ္တဟိတ၊ ပရဟိတ နှစ်ခုစလုံးကို ချိန်ခွင်လျှာ ညီမျှအောင် လုပ်တဲ့နေရာမှာ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။

ကျွန်မတို့ စမယ်ဆိုရင် တစ်ဦးချင်းတစ်ဦးချင်း၊ တစ်ဦးချင်းက ကိုယ့်ရဲ့မိသားစုက စရမယ်။ကိုယ့်အခွင့်အရေး၊ ကိုယ့်ရဲ့ရပိုင်ခွင်၊ ကိုယ့်မိသားစုရဲ့အခွင့်အရေး၊ ကိုယ့်ရဲ့ မိသားစုရဲ့ ရပိုင်ခွင့်၊ ကိုယ့်ရပ်ကိုယ့်ရွာရဲ့ အခွင့်အရေး၊ ကိုယ့်မိသားစုရဲ့ အခွင့်အရေး၊ ကိုယ့်ရပ်ကိုယ့်ရွာရဲ့ အခွင့်အရေး၊ ကိုယ့်မြို့နယ်ရဲ့ အခွင့်အရေး၊ ကိုယ့်မြို့နယ်ရဲ့ အခွင့် အရေး၊ ကိုယ့်ရဲ့ တိုင်း၊ ပြည်နယ်ရဲ့ အခွင့်အရေး၊ ကိုယ့်ရဲ့ တိုင်း၊ ပြည်နယ်ရဲ့အခွင့် အရေး၊ ကိုယ့်လူမျိုးတွေရဲ့ အခွင့်အရေး၊ ကိုယ့်လူမျိုးတွေရဲ့ အခွင့်အရေး၊ ကိုယ့်နိုင်ငံ ရဲ့ အခွင့်အရေး၊ ကိုယ့်နိုင်ငံရဲ့ အခွင့်အရေး၊ ကိုယ့်တစ်ကမ္ဘာလုံးရဲ့ အခွင့်အရေးတစ်ဆင့် ချင်း တစ်ဆင့်ချင်းမှာ ကျွန်မတို့အနေနဲ့ ချိန်ခွင်လျှာ ညီမျှစွာနဲ့ ဆက်လက်လုပ်ဆောင် သွားဖို့ အင်မတန်အရေးကြီးပါတယ်။

စိတ်ဓာတ်အင်အားနဲ့အလုပ်လုပ်ဖို့အရေးကြီး

ကျွန်မတို့နိုင်ငံဟာဆိုရင် ဖွံ့ဖြိုးစနိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီကို ကျင့်သုံး တဲ့နေရာမှာလည်း မြို့နယ်တွေရဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ လွတ်လပ်ရေးရခါစတုန်းက လည်း ဒီမိုကရေစီစနစ်နဲ့ စခဲ့တယ်ဆိုပေမယ့် ဒီကြားထဲမှာ ဒီမိုကရေစီစနစ်ဟာ ပျောက် ကွယ်သွားတော့ ပြန်ပြီးတော့ အစကနေ ထူထောင်နေရတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့ အခါမှာ တစ်ကမ္ဘာကြီးကို လှည့်ပြီးကြည့်လိုက်ရင် ဘယ်လိုပဲ ပြောပြော ဒီမိုကရေစီဆို တာ ကျွန်မတို့ နိုင်ငံတစ်ခုအတွင်းမှာသာ လုံလုံလောက်လောက် မရှိသေးတာ မဟုတ် ပါဘူး။ တစ်ကမ္ဘာကြီးကို ကြည့်လိုက်မယ်ဆိုရင်လည်း လုံလုံလောက်လောက် မရှိသေးဘူးဆိုတာ တွေ့ရပါတယ်။ ဒီလိုပြောခြင်းဟာ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ဒီမိုကရေစီမရှိတာကို ပြောခြင်းတင် မကပါဘူး။ ကျွန်မတို့ရဲ့ ကမ္ဘာကြီးမှာဆိုရင် အင်အားကြီး တဲ့ နိုင်ငံတွေနဲ့ အင်အားငယ်တဲ့ နိုင်ငံတွေကြားထဲမှာ တန်းတူ ညီမျှမှု မရှိခြင်းကိုလည်း ဆိုလိုတာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ အင်အားကြီးတဲ့နိုင်ငံမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ နိုင်ငံဟာ ရပ်တည်ဖို့အတွက်ဆိုရင် အင်မတန်မှ ရုန်းကန်ကြိုးစားရပါတယ်။ ဒါကို ကျွန်မတို့ရဲ့ ပြည်သူ၊ ပြည်သားတွေ နားလည် သဘောပေါက်စေချင်ပါတယ်။ အားလုံးပူးပေါင်းဆောင်ရွက်မှ ကျွန်မတို့ဟာ တကယ့်ကို ကမ္ဘာ့အလယ်မှာ ဒီမိုက ရေစီကျကျ ရပ်တည်နိုင်မယ့် နိုင်ငံတစ်ခုဖြစ်လာမှာပါ။ ဘယ်လိုပဲ ပြောပြော တကယ့် အဖြစ်အပျက်တွေအရ ဆိုရင် ဓနအင်အား၊ လက်နက်အင်အား၊ သြဇာအင်အား၊ မြေအင်အားတွေက အများကြီး စကားပြောပါတယ်။ ကျွန်မတို့ဟာ ဒီအင်အားတွေနေရာမှာ နည်းတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့အားလုံးဟာ စိတ်ဓာတ်အင်အားနဲ့ အလုပ်လုပ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ဓနဆိုတာ ချက်ချင်းမရနိုင်ပါဘူး။ အခြားသြဇာအာဏာ တွေဆိုတာ ချက်ချင်း လွှမ်းမိုးနိုင်အောင် လုပ်လို့မရပါဘူး။ သို့သော်လည်း ကိုယ့်ရဲ့စိတ်ဓာတ်ကို ချက်ချင်းပြောင်းလဲအောင် လုပ်လို့ရပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများ အားလုံးဟာ နိုင်ငံတွင်းမှာတင်မက တစ် ကမ္ဘာလုံးမှာ ဒီမိုကရေစီ သဘောထားတွေ ရှင်သန်ဖို့အတွက် ဒီမိုကရေစီ ယဉ်ကျေးမှု၊ အမှန်တကယ် ပြန့်ပွားဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ဟာ ဒီနေ့ ကျွန်မတို့ ညွှန်ပြ လိုက်တဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ဒီမိုကရေစီအတွက် ကြိုးပမ်း တဲ့နေရာမှာ အားလုံး တစ်ဦးချင်း ကိုယ့်ရဲ့ တန်ဖိုးကို မမေ့ဖို့ လိုပါတယ်။ ပြည်သူ့ အင်အားဆိုတာ အားလုံး စုပေါင်းမှ ဖြစ်တာပါ။ တစ်ဦးချင်းမှာ တန်ဖိုးရှိပါတယ်။ အဲဒီတန်ဖိုးကို မှန်မှန် ကန်ကန်သုံးပါ။ ကျွန်မတို့ရဲ့ ပြည်သူ့အင်အားကို ကောင်းမွန်တဲ့ အင်အားဖြစ်အောင်လို့ ကြိုးစားစေချင်ပါတယ်။ ဒီလိုကောင်းမွန်တဲ့အင်အားဖြစ်လာမှ ကောင်းမွန်တဲ့ နိုင်ငံတစ်ခု ထူထောင်နိုင်မယ်။ ကောင်းမွန်တဲ့ ကမ္ဘာကြီးတစ်ခုကို ထူ ထောင်နိုင်မှာ ဖြစ်ပါတယ်။ တချို့တွေက ဒီမိုကရေစီစနစ်ဆိုတာဟာ ကိုယ်ရဖို့ အတွက် လို့ ထင်ကြပါတယ်။ တကယ်တော့ ရဖို့အတွက်ပဲ စဉ်းစားတဲ့သူများဟာ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတာပဲ။ ပေးဖို့ အတွက်စဉ်းစားမှ ကိုယ့်တန်ဖိုးကို ကိုယ်သိတယ်ဆိုတာကို သတိချပ်စေ ချင်ပါတယ်။ ကျွန်မတို့အားလုံးဟာ ပေးချင်တဲ့ နိုင်ငံသူနိုင်ငံသားများ ဖြစ်စေချင်ပါတယ်။ တစ်ဦးချင်းဟာ ဒီနိုင်ငံရဲ့ ဒီမိုကရေစီအတွက် ဒီကမ္ဘာကြီးရဲ့ ဒီမိုက ရေစီအတွက် ပေးဆပ်ချင်တဲ့သူများ ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် ကိုယ့်အတွက်လည်း ကိုယ်လုပ်နိုင် တဲ့အစွမ်းနဲ့ လုပ်သင့်၊ မလုပ်သင့်ကို ခွဲခြားနိုင်တဲ့ ပညာရှိဖို့ဆိုတာက လည်း အင်မတန်မှ အရေးကြီးပါတယ်။ အင်အားကို သုံးချင်တိုင်းသုံးလို့မဖြစ်ပါဘူး။ သုံးသင့်၊မသုံးသင့် ဆိုတာကို ဆင်ခြင်နိုင်ရပါမယ်။ ဒါကြောင့် ယခု အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ စုပေါင်းပြီး အားလုံး တကယ့်ကို နိုင်ငံအပေါ်မှာ စေတနာနဲ့ လူသားများအပေါ်မှာ စေတနာနဲ့ ဒီမိုကရေစီရှင်သန်ရေးအတွက် ဒီမိုကရေစီ ယဉ်ကျေးမှု အဓိပ္ပာယ် မှန်မှန်ကန်ကန် ဖော်နိုင်ရေးအတွက် လုပ်သွားကြပါစို့လို့ တိုက်တွန်းရင်းနဲ့ နိဂုံးချုပ်ပါတယ်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒီမိုကရေစီနေ့ အထိမ်းအမှတ် အမှာစကားပြောကြားသည်။ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အမှာစကားမှာ အောက်ပါအတိုင်းဖြစ်သည်။

ယနေ့ကျင်းပပြုလုပ်တဲ့ ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်း အနားသို့ တက်ရောက်ချီးမြှင့်ပေးကြတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော် ဒုတိယသမ္မတနဲ့ ပြည် ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များနဲ့ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီ အသီးသီးနဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနဲ့ ဧည့်သည်တော်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

များစွာ ဂုဏ်ယူဝမ်းမြောက်

ယနေ့ပြုလုပ်တဲ့ ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့က ကိုယ်တိုင်ကြွရောက်ချီးမြှင့်ပြီး မိန့်ခွန်းပြောကြားပေး တဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း လွှတ်တော်များရဲ့ကိုယ်စား ဦးစွာပြောကြားလိုပါတယ်။

အနှစ်သာရရှိရှိ ကျင်းပနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်ထား

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို ဒီမိုကရေစီရဲ့ ပြယုဂ်တစ်ခု ဖြစ်တဲ့ လက်ရှိလွှတ်တော်များပေါ်ပေါက်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး နေပြည်တော် လွှတ်တော်ဝင်းအတွင်း ယခုဧည့်သည်တော်များ ရောက်ရှိနေတဲ့ သဘင်ဆောင်ခန်း မကြီးမှာ နှစ်စဉ်ကျင်းပခဲ့ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားဟာဆိုရင် မိမိတို့ မြန်မာနိုင်ငံလွှတ်တော်အနေနဲ့ (၉) ကြိမ် မြောက် ကျင်းပခြင်းဖြစ်သလို ဒီနှစ်အတွက် Inter Parliamentary Union (IPU) က ထုတ်ပြန်ပေးပို့ထားတဲ့ Participation (ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက် ကြပါစို့) ဆိုတဲ့နှိုးဆော် တိုက်တွန်းချက်ဆောင်ပုဒ်နဲ့အညီ အနှစ်သာရရှိရှိ ကျင်းပနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်ထားပါတယ်။

ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က စတင်ပြီး နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) က သတ်မှတ်ပေးထားတဲ့ ဆောင်ပုဒ်နဲ့အညီ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားများ ကျင်းပပြုလုပ်လေ့ရှိကြပါတယ်။

ဧည့်သည်တော်များခင်ဗျား

ဒီနေ့အခမ်းအနားကို နိုင်ငံသားပြည်သူများအားလုံး ဒီမိုကရေစီဖက်ဒရယ်စနစ် ရဲ့ သဘောသဘာဝများကို ပိုမိုနားလည် အကျွမ်းဝင်စေဖို့၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ရပ်အဖြစ် ပြောင်းလဲပြီး စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက် ရေးအတွက် အထောက်အကူဖြစ်စေဖို့၊ နိုင်ငံရေးမှာ လူငယ်များ ပိုမိုပါဝင် လာနိုင် စေဖို့နဲ့ ကမ္ဘာ့ဒီမိုကရေစီအဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်မှုကို ပြသနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ကျင်းပခြင်း ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားများ ကျင်းပနိုင်ခြင်းဟာ ဒီမိုကရေ စီဆိုသည်မှာ လူသားတို့၏ အရေးအရာကိစ္စများဖြစ်သည်ဆိုတဲ့ အဆိုပြု တိုက်တွန်း ချက်ကို ပြန်လည်အမှတ်ရစေဖို့ နှိုးဆော်ပေးနိုင်တဲ့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို အားလုံးပါဝင်မှု၊ တူညီမျှတစွာ ပြုမူဆက်ဆံမှု၊ ပူးပေါင်းပါဝင် ဆောင်ရွက်မှုတို့အပေါ်မှာ အခြေခံတည်ဆောက်သွားကြရမှာဖြစ်ပါတယ်။ ဒီမိုကရေစီ ဆိုတာ ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေးစတဲ့ လုပ်ငန်းစဉ်များ အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။

နှစ်လမ်းသွား လမ်းတစ်လမ်းဖြစ်

စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ အရပ်ဘက်အသိုက်အဝန်းနှင့် နိုင်ငံ့ရေးရာ စီမံခန့်ခွဲ ကြသူများအကြား စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးမှုအပေါ်မှာ တည်ဆောက်ထားတဲ့ နှစ်လမ်းသွား လမ်းတစ်လမ်းဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ညှိနှိုင်းဆွေးနွေးမှု များဟာ နိုင်ငံ့ရေးရာဆုံးဖြတ်ချက်များအပေါ်မှာ အမှန်တကယ်ထိရောက်တဲ့ အကျိုး သက်ရောက်မှုများကို ရရှိဖြစ်ပေါ်စေမယ်လို့ ယုံကြည်ပါတယ်။

ဧည့်သည်တော်များခင်ဗျား

၂၀၁၉ခုနှစ်ဟာ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) တည်ထောင်မှု နှစ်(၁၃၀) ပြည့်မြောက်တဲ့ အခါသမယလည်းဖြစ်ပါတယ်။ IPU နှစ် (၁၃၀)ပြည့်အထိမ်းအမှတ် လှုပ်ရှားမှုများကို ကမ္ဘာတစ်ဝန်းရှိ ပါလီမန်များမှာ 130 Years of empowering parliamentarians ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ၂၀၁၉ ခုနှစ်၊ ဇွန်လမှစပြီး ၂၀၂၀ ပြည့်နှစ်၊ မေလအထိ တစ်နှစ်ကြာကာလအတွင်း သတ်မှတ်ဆောင်ရွက်ကြလျက်ရှိပါတယ်။

တွန်းအားတစ်ရပ်လည်း ဖြစ်

ဒီဆောင်ပုဒ်က မိမိတို့ဖော်ဆောင်နေတဲ့ ဒီမိုကရေစီလမ်းကြောင်း လွဲချော်မသွား စေဖို့အတွက် ပြည်သူ့ကိုယ်စားလှယ်များရဲ့ တာဝန်ရှိပုံကို ရည်ညွှန်းလိုတယ်လို့ ယူဆ ပါတယ်။ ဒါ့အပြင် မိမိတို့လွှတ်တော်များရဲ့ အဓိကလုပ်ငန်းတာဝန်ဖြစ်တဲ့ ပြည်သူကို ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်းနဲ့ အပြန်အလှန်ထိန်းကျောင်းခြင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လွှတ်တော်များ အားကောင်းခိုင်မာဖို့ လိုအပ် ပုံကို ညွှန်းဆိုပြသတဲ့ တွန်းအားတစ်ရပ်လည်း ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

ဧည့်သည်တော်များခင်ဗျား

မြန်မာ့လွှတ်တော်အနေနဲ့ ယနေ့ကျင်းပတဲ့ ဒီမိုကရေစီနေ့အခမ်းအနားမှာ IPU နှစ် (၁၃၀)ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုအပါအဝင် အထိမ်းအမှတ်ပြပွဲတစ်ရပ် ခင်းကျင်းပြသထားပါတယ်။ အထိမ်းအမှတ်ပြပွဲကို လေ့လာခြင်းဖြင့် IPUရဲ့ အတိတ် ကာလနဲ့ လက်ရှိကာလ လုပ်ဆောင်ချက်များကို ဆက်စပ်ပြီး IPU နဲ့ မြန်မာ့ဒီမိုကရေစီ ရဲ့ သမိုင်းကြောင်း တစ်စိတ်တစ်ပိုင်းကို လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒါ့အပြင် ခိုင်မာအား ကောင်းပြီး ထိရောက်တဲ့ စွမ်းဆောင်မှုရှိတဲ့ လွှတ်တော်များကသာ ယနေ့ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ ပြဿနာများကို ဖြေရှင်းပေးနိုင်မယ်ဆိုတဲ့အချက်ကို လေ့လာနိုင်တဲ့ အခွင့်အလမ်းလည်း ရရှိနိုင်ပါတယ်။

ဒီမိုကရေစီစနစ်ကျင့်သုံးရာမှာ နိုင်ငံသားပြည်သူများအကြား တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်မှု၊ နားလည်လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုတို့ဖြင့် အများစုရဲ့ သဘောထားကို လိုက်နာရသလို၊ လူအနည်းစုရဲ့ သဘောထားကိုလည်း အလေးထား ပြီး ဒီမိုကရေစီစနစ် ထာဝစဉ်ရှင်သန်ရင့်ကျက်အောင် ကြိုးပမ်းရမှာဖြစ်ပါတယ်။ ဒီမို ကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အောင်မြင်ရေးဟာ မျိုးဆက်သစ် လူငယ်များ အပါအဝင် နိုင်ငံသားအားလုံးရဲ့ တာဝန်လည်းဖြစ်ပါတယ်။

ကဏ္ဍအသီးသီးမှာ ပါဝင်လာဖို့ လိုအပ်

ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတစ်ရပ်ပေါ်ထွန်းရေးမှာ မျိုးဆက်သစ် လူငယ်များအနေနဲ့ နိုင်ငံတော် တည်ဆောက်ရေးကဏ္ဍအသီးသီးမှာ ပါဝင်လာဖို့ လိုအပ်ပါတယ်။ နိုင်ငံရဲ့ ပုံရိပ်ကို စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်နဲ့ အကောင် အထည်ဖော်ဆောင်နိုင်ရေးအတွက် လူငယ်တွေကို ငယ်စဉ်ကပင် လေ့ကျင့်ပျိုးထောင် ပေးသွားရမှာဖြစ်ပါတယ်။ လူငယ်လူရွယ်များရဲ့ စိတ်သဏ္ဍာန်မှာ ဒီမိုကရေစီမျိုးစေ့ ရှင် သန်စေရေးရည်ရွယ်ပြီး ယခုနှစ်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်း အမှတ် စာစီစာကုံး၊ ကဗျာနဲ့ ပန်းချီပြိုင်ပွဲများကို အလယ်တန်းအဆင့်၊ အထက်တန်း အဆင့်နဲ့ တက္ကသိုလ်အဆင့်တို့ဖြင့် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ဒီအခမ်းအနားမှာ ထိုက်သင့်တဲ့ချီးမြှင့်မှုအစီအစဉ် ထည့်သွင်းထားပါတယ်။ ပြိုင်ပွဲအစီအစဉ်များ အောင်မြင်စွာ ပြီးမြောက်တဲ့အထိ ပူးပေါင်းဆောင်ရွက်ပေးတဲ့ ပညာရေးဝန်ကြီးဌာန၊ ဖျော်ဖြေရေးအစီအစဉ်များကို ဆောင်ရွက်ပေးပါသော သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ အခမ်းအနားပြင်ဆင်ရေး၊ ဧည့်ခံကျွေးမွေးရေးတို့ကို စေတနာဖြင့် အဖက်ဖက်က ပါဝင်ကူညီဆောင်ရွက်ပေးကြတဲ့ အဖွဲ့အစည်း အသီးသီးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားလိုပါတယ်။

ဧည့်သည်တော်များခင်ဗျာ

မိမိတို့နိုင်ငံတော်ကို အားလုံးရည်မှန်းတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး အဖြစ် တည်ဆောက်ရာမှာ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသား ပြည်သူများအားလုံးတို့ရဲ့ စုပေါင်းအင်အားနဲ့ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi က ကဖတ်ကြားပြီး IPU နှစ်(၁၃၀)ပြည့် အထိမ်းအမှတ်ဗီဒီယိုနှင့် မြန်မာ့လွှတ်တော်- IPU ၏ပတ်သက် ဆက်နွယ်မှုဆိုင်ရာ ဗီဒီယိုတို့ကိုပြသသည်။

စာတမ်းများဖတ်ကြား

ယင်းနောက် စာတမ်းများဖတ်ကြားခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ကျောင်းသားလူငယ် များ၏စာတမ်း၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ ကိုယ်စားပြုစာတမ်း၊ “ဝ” ဒီမိုကရက်တစ်ပါတီ၏ စာတမ်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏စာတမ်း၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၏ စာတမ်း၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၏စာတမ်း၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၏ စာတမ်း၊ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၏စာတမ်း၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)ပါတီ၏စာတမ်း၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏စာတမ်း၊ တအာင်း(ပလောင်) အမျိုး သားပါတီ ၏စာတမ်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ စာတမ်း၊ ရခိုင်အမျိုးသားပါတီ၏ စာတမ်း၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ၏စာတမ်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၏စာတမ်းတို့ကို သက်ဆိုင်ရာ ကိုယ်စားလှယ်များက ဖတ်ကြားကြသည်။

ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် လွှတ်တော်ကိုယ်စား လှယ်များက အပြည်ပြည်ဆိုင်ရာ ဒီမိုကရစီနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့်၊ အခြေခံပညာ အထက်တန်းအဆင့်နှင့် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီ ပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ရွှေသံလွင် ကုမ္ပဏီနှင့် Three Swallows Construction ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေး

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နိဂုံးချုပ်အမှာစကား ပြောကြားရာ တွင် ဒီမိုကရေစီစနစ်ဆိုသည်မှာ အများဆန္ဒကို အနည်းစုကလိုက်နာ၊ အနည်းစု၏ ဆန္ဒကိုလည်း အများစုက လေးလေးစားစား စဉ်းစားပေးရ မည်ဖြစ်သကဲ့သို့ အများဆန္ဒကို အခြေခံကာ အများ အကျိုးနှင့်ယှဉ်ပါက မိမိအကျိုးစီးပွားကို အထိပါးခံနိုင်သည့် မွန်မြတ်သောစနစ်သာ ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်သည် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးပါကြောင်း၊ လူ့အခွင့်အရေးကို အပြန် အလှန် တန်ဖိုးထားကာ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဆိုသည့် ဒီမိုကရေစီ၏ ကောင်း မွန်သော စရိုက်လက္ခဏာများကို နေရာတိုင်းတွင် ကျင့်သုံးဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

ဒီမိုကရေစီစနစ်သည် ပြည်သူလူထုကိုဗဟိုပြုကာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ပြည်သူလူထုက စုပေါင်း ပိုင်ဆိုင်ခြင်း၊ အစိုးရကို တင်မြှောက်ထားသည့် ပြည်သူများကသာ အဓိက ဖြစ်၍ ပြည်သူ့ဆန္ဒဖြင့် အုပ်ချုပ်သည့်စနစ်ပင်ဖြစ် ပါကြောင်း၊ ဥပဒေပြုလွှတ်တော်များ အားကောင်းမှ သာ ဒီမိုကရေစီစနစ် အားကောင်း မည်ဖြစ်ပြီး လွှတ်တော်များ စွမ်းဆောင်ရည်မြင့်မား အားကောင်း သည်နှင့် အမျှ ဒီမိုကရေစီစနစ်သည်လည်း ရှင်သန်ခိုင်မြဲနေမည်ဖြစ်ပင်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ရင်ဆိုင်နေရ သည့် စိန်ခေါ်မှုအမျိုးမျိုးကို ပြောင်းလဲချိန်တန်ပြီမှ အစပြုပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းမှုဖြစ်စဉ် များနှင့်အတူ မတူကွဲပြားမှုများကို စည်းလုံးညီညွတ် သောအား၊ တူညီသောစိတ် ဓာတ်များဖြင့် ရင်ဆိုင် ကျော်လွှားကာ ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်လှမ်းကြရမည်ဖြစ်ပါကြောင်း။

တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ၂၀၁၁ ခုနှစ်မှ စတင်၍ ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၉)ကြိမ်မြောက်သို့ ရောက်ခဲ့ပြီး ယခုနှစ်သည် Inter Parliamentary Union(IPU) ၏ နှစ် (၁၃၀)ပြည့်နှင့် တိုင်ဆိုင်နေသည့်အတွက် လွန်စွာထူးခြားသည့် နှစ်တစ်နှစ်ပင်ဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဆောင်ပုဒ်သည် Participation “ဒီမိုကရေစီ ရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ဖြစ်ပါကြောင်း၊ ဒီမိုကရေစီပန်းတိုင်သို့ အရောက်လှမ်းကြရာ တွင် တစ်ဦးကိုတစ်ဦး ယုံကြည်ချစ်ခင်စွာဖြင့် အတူတူပါဝင်နိုင်သည့် အခွင့်အရေးရရှိမှု၊ တန်းတူညီမျှ အခွင့်အရေး ရရှိမှုတို့ဖြင့် ဒီမိုကရေစီကျင့်စဉ်ကောင်းများ ရှင်သန်ခိုင်မာစေရေးအတွက် နေရာတိုင်း၊ ကဏ္ဍတိုင်းတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် ဒီမိုကရေစီ Institution များ ထွန်းကား ခိုင်မာစေရေးအတွက် ပညာပေးလုပ်ငန်းများ နိုင်ငံနှင့်အဝန်း ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ လူတိုင်းစိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ကြရန်ကိုလည်း ဆန္ဒပြုပြောကြား လိုပါကြောင်း။

ဒီမိုကရေစီ အလေ့အကျင့်ကောင်းများကျင့်သုံး

မိမိတို့ ကိုယ်စားလှယ်များသည် လွှတ်တော်၏ ဆောင်ပုဒ်နှင့်အညီ “ပြည်သူ့အသံ လွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုသကဲ့သို့ ပြည်သူများ၏ ဆန္ဒများ၊ ယုံကြည်မျှော်လင့်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မကြာခဏပြောကြားလေ့ရှိသည့် “ကိုယ်ဘာရနိုင်မလဲဆိုတာ ထက်၊ ကိုယ်ဘာပေးနိုင်မလဲဆိုတာကို စဉ်းစားလုပ်ဆောင်ရန်” ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိ အတွက် ကိုယ့်အတွက် ဆုပ်ကိုင်ထားသည့် အတ္တ မာနများကို စွန့်ပါ၊ သူတစ်ပါးအတွက် အများ အတွက် အရာရာကို မျှဝေခြင်းများဖြင့် မေတ္တာထားဆောင်ရွက်နိုင်သူများ ဖြစ်အောင် ကြိုးစားဆောင် ရွက်ပြီး ဒီမိုကရေစီအလေ့အကျင့်ကောင်းများကို မြတ်နိုးစွာ ကျင့်သုံးနိုင်ကြစေကြောင်း ပြောကြားသည်။

ဖေျာ်ဖြေတင်ဆက်

ယင်းနောက် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသူများအား “ မြို့မ” အပျော်တမ်းတူရိယာ အသင်းနှင့်တွဲဖက်၍ တေးသံရှင်များက မြူမှောင်ဝေကင်း၊ ငြိမ်းချမ်းရေး၊ လက်ရေတပြင်တည်း၊ လူချွန်လူကောင်း၊ စစ်ကိုင်းတောင်၊ ပြည်တော်ဝင် စသည့်တေးသီချင်းများဖြင့်လည်းကောင်း၊ မင်းသမီး ပန်တျာဌေးဌေးမြင့်နှင့် ဝင်းသပြေ ထွန်း၊ လူရွှင်တော် ပေါစိန်၊ ထင်ပေါ်၊ ချစ်စရာနှင့် မုံရွာတက်တိုး တို့ပါဝင်သည့် မန္တလေးအငြိမ့်အဖွဲ့က အငြိမ့်အကများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။

ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုငွေချီးမြှင့်

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့က ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ခဲ့ကြသူများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုငွေချီးမြှင့်ပေးအပ်ကြသည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ဆောင်ပုဒ်သည် “ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်း ဆောင်ရွက်ကြပါစို့ (Participation)” ဆိုသည့် ဆောင်ပုဒ်ဖြစ်သည်။

တက်ရောက်

အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရား သူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများမှကိုယ်စား လှယ်များ၊ သံတမန်များ၊ ကမ္ဘာ့ပါလီမန်များအဖွဲ့၊ ပါလီမန်များသမဂ္ဂ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လွှတ်တော်မိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)