ယခုနှစ်တွင် မတ်ပဲတန်ချိန် လေးသိန်းဝယ်ယူရန် အိန္ဒိယနိုင်ငံကို အဆိုပြုထားသော်လည်း ခုနစ်လကြာသည်အထိ အကြောင်းပြန်ကြားချက်မရသေး

ယခုနှစ်တွင် မတ်ပဲတန်ချိန် လေးသိန်းဝယ်ယူရန် အိန္ဒိယနိုင်ငံကို အဆိုပြုထားသော်လည်း ခုနစ်လကြာသည်အထိ အကြောင်းပြန်ကြားချက်မရသေး


Ministry of Information/ ​နေပြည်တော် / September 16, 2019
image_latest


ယခုနှစ်တွင် မတ်ပဲတန်ချိန်လေးသိန်းဝယ်ယူရန် အိန္ဒိယ နိုင်ငံကို အဆိုပြု ထားသော်လည်း ခုနစ်လကြာသည် အထိ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း မြန်မာ နိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်း ရေးမှူး ဦးမင်းကိုဦးက ပြောသည်။

“ကျွန်တော်တို့ ပထမပြောထားသလိုပဲ အိန္ဒိယ သံရုံးကနေတစ်ဆင့် ကျွန်တော်တို့ ဒီဘက်ကနေ စာချုပ်မူကြမ်းတော့ ပို့ပေးထားတယ်။ အခုအချိန်ထိတော့ သူတို့ဘက်က အကြောင်းတစ်စုံတစ်ရာ ပြန်ကြားမှုတော့ မရှိသေးဘူး၊ စက်တင်ဘာကုန်မယ့် ဘတ်ဂျက်နှစ်နဲ့ ပြန်ကြည့်မယ်ဆိုရင်တော့ အိန္ဒိယဘက်က အခုအချိန် အထိ အကြောင်းမပြန်သေးဘူး၊ အကြောင်းပြန်ရင် လည်း ဒီဘက်မှာ ညှိနှိုင်းတာတွေနဲ့ဆိုရင် ဒီနှစ် ဘတ်ဂျက်ထဲမှာတော့ ဘယ်လိုခေါ်မလဲ အခုလက်ရှိ အိန္ဒိယနဲ့ G to G ကိစ္စပြောထားဆိုထားတဲ့ ကိစ္စတွေ ကလည်း မဖြစ်နိုင်သေးပါဘူး”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက နယူးဒေလီမြို့၌ ကျင်းပခဲ့သော 4th ASEAN- India Expo and Summit သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပဲ၊ နှမ်း ကုန်သည်များ လိုက်ပါ၍ အိန္ဒိယ အစိုးရတာဝန်ရှိသူများ ကို မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန်လေးသိန်းခန့် ယခုနှစ် တွင် ဝယ်ယူရန် တောင်းဆိုခဲ့ရာ ယခုအချိန်အထိ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။

ထို့ကြောင့် မြန်မာ့ပဲကို အဓိကဝယ်ယူသည့် အိန္ဒိယဈေးကွက် မတည်ငြိမ်သေးသည့်အတွက် လာမည့်နှစ် မတ်ပဲ၊ ပဲစင်းငုံ စိုက်ပျိုးမှုကို လျှော့ချစိုက်ပျိုး ရန် သင့် မသင့်၊ တောင်သူများ အကျိုးရှိပြီး တွက်ခြေ ကိုက်မည့် တခြားပဲများကို ရွေးချယ်စိုက်ပျိုးရန် သင့် မသင့် စသည့်သုံးသပ်အကြံပြုချက်များကို တောင်သူ များထံ အသိပေးရန်လိုကြောင်း ၎င်းက ပြောသည်။

“အဓိကကတော့ အိန္ဒိယနိုင်ငံဘက်က ၂၀၁၇ ခုနစ်ကစပြီး ကိုတာစနစ် ကျင့်သုံးတဲ့နောက်မှာ ပြည်တွင်းမှာ ဈေးနှုန်းတွေ မတည်မငြိမ် ဖြစ်လာပါတယ်။ စိုက်ပျိုးထုတ်လုပ်တဲ့တောင်သူတွေလည်း အကျိုးရှိမယ် မရှိဘူး ခန့်မှန်းရ ခက်တယ်ပေါ့။ အဲဒီတော့ ဘာပဲ ပြောပြော ဒီ ၂၀၁၉ ဘတ်ဂျက်နှစ်ထဲမှာဆိုရင် ဒါ အိန္ဒိယ နိုင်ငံ ဈေးကွက်ကို အဓိကမှီခိုနေရတဲ့ ပဲစင်းငုံ၊ မတ်ပဲ တွေ လျှော့စိုက်တာတွေ များပါတယ်။ အဲဒီတော့ လာမယ့်နှစ်တွေမှာလည်းအိန္ဒိယဘက်ကမတည်ငြိမ် ခင် စပ်ကြားမှာ ထိုနည်းလည်းကောင်းပဲ တောင်သူ အကျိုးရှိတဲ့ ပဲကိုပဲ ပိုအဓိကထား စိုက်ပျိုးဖို့ အစိုးရပိုင်း ကလည်း ဒါလေးတွေ အသိပေးသွားမယ်လို့ ထင်ပါ တယ်”ဟု ၎င်းက ထပ်မံပြောကြားသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ပဲလိုအပ်ချက်အရ ယခုနှစ် တွင် ပြည်ပမှ မတ်ပဲတန်ချိန် တစ်သိန်းခွဲနှင့် ပဲစင်းငုံ တန်ချိန်နှစ်သိန်း တင်သွင်းမည်ဟုသာ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ ယခုနှစ် မတ်ပဲစိုက်ဧကမှာ လျော့နည်းစိုက်ပျိုးခဲ့သော်လည်း မတ်ပဲအထွက်နှုန်းမှာ တန်ချိန်သုံးသိန်းကျော် ရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

သို့ဖြစ်၍ မြန်မာ့ပဲများကို အဓိကဝယ်ယူသည့် အိန္ဒိယနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ နီပေါ၊ ဒူဘိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ်(တိုင်ပေ)၊ ဂျပန်နှင့် ဥရောပနိုင်ငံတို့က ဝယ်ယူလျက်ရှိသော်လည်း ပမာဏအားဖြင့် နည်းပါးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနကလည်း မြန်မာ့ပဲများကို အဓိကဝယ်ယူသည့် အိန္ဒိယနိုင်ငံသို့ အစိုးရချင်း သဘောတူညီချက်ဖြင့် ပဲရောင်းချရန် ညှိနှိုင်းနေသည့်အပြင် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန်လည်း ဈေးကွက်ရှာဖွေလျက် ရှိကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြား ထားသည်။

မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံသို့ အဓိက ပဲတင်ပို့ လျက်ရှိရာ ၂၀၁၇ ခုနှစ် ဩဂုတ်လနောက်ပိုင်း အိန္ဒိယ၏ မူဝါဒအပြောင်းအလဲများကြောင့် ပဲဈေးကွက်တွင် တောင်သူများနှင့် ကုန်သည်များ အထိနာခဲ့သည်။

လက်ရှိ ပဲဈေးကွက်အတွင်း မတ်ပဲတစ်တန်လျှင်ကျပ် ငွေကျပ်ခုနစ်သိန်းခြောက် သောင်းခန့်ရှိပြီး ပဲစင်းငုံ (အဟောင်း) တစ်တန်လျှင် ကျပ် ငွေကျပ် ရှစ်သိန်း သုံးသောင်းခန့်ရှိကြောင်း သိရသည်။

ငြိမ်းငြိမ်း

 

HOT NEWS
January 4,