မြန်မာနိုင်ငံ အမျိုးသားအဆင့် ပြန်လည်သန်စွမ်းရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း မိတ်ဆက်ပွဲနှင့် မဟာဗျူဟာ စီမံကိန်းလုပ်ငန်းစဉ် အကောင် အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ ကျင်းပ

မြန်မာနိုင်ငံ အမျိုးသားအဆင့် ပြန်လည်သန်စွမ်းရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း မိတ်ဆက်ပွဲနှင့် မဟာဗျူဟာ စီမံကိန်းလုပ်ငန်းစဉ် အကောင် အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ ကျင်းပ

Ministry of Information/ ​နေပြည်တော် / September 18, 2019
image_latest


နေပြည်တော် စက်တင်ဘာ ၁၈

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည့် မြန်မာနိုင်ငံအမျိုးသားအဆင့် ပြန်လည်သန်စွမ်းရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၉-၂၀၂၃) (Myanmar National Rehabilitation Strategic Plan) မိတ်ဆက်ပွဲနှင့် မဟာဗျူဟာ စီမံကိန်းလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာန၏ ဦးတည်ချက်ဖြစ်သော ပြည်သူများ ရောဂါဘယကင်းဝေး၍ ကောင်းမွန်မြင့်မားသော ကျန်းမာရေးအဆင့်ကို ပိုင်ဆိုင်ရရှိစေရေး အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြန်လည် သန်စွမ်းရေး လုပ်ငန်းများသည်လည်း အရေးပါသည့် အခန်း ကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ပြန်လည်သန်စွမ်းရေး လုပ်ငန်းများသည် ကြီးမားကျယ်ပြန့်ပြီး ဆေးနှင့်ဆေးနှီးနွှယ်ပညာရပ်များ၊ ပံ့ပိုးဆောင်ရွက်မှုပညာရပ်များ စသည်ဖြင့် ဘာသာရပ်စုံနှင့် ကဏ္ဍစုံမှ ချိတ်ဆက်မှု အားကောင်းစွာဖြင့် ဝိုင်းဝန်း ဆောင်ရွက်ရခြင်း၊ တစ်ကြိမ်တစ်ခါတည်း လုပ်ဆောင်ရ ခြင်းမဟုတ်ဘဲ စဉ်ဆက်မပြတ်ပြု စုကုသ ဆောင်ရွက်ရခြင်း၊ တစ်ဦးချင်းစီအလိုက် ကွဲပြားသော ပြန်လည်သန်စွမ်းရေး လိုအပ်ချက်များနှင့်အညီ ဆောင်ရွက်ရခြင်းမျိုး ဖြစ်ပါကြောင်း။

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို အလေးပေးဆောင် ရွက်ရုံသာမက အဆိုပါလုပ်ငန်းများနှင့်တန်းတူ အရေးကြီးသည့် ပြန်လည်သန်စွမ်းရေးလုပ်ငန်းများကိုလည်း ပိုမိုအား ဖြည့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြန်လည်သန်စွမ်းရေးလုပ်ငန်းများ ပိုမိုအောင်မြင်ထိရောက်စေရေး ဆောင်ရွက်ရာတွင် ယခုရေးဆွဲခဲ့သည့် မဟာဗျူဟာစီမံကိန်းသည်များစွာ အထောက်အပံ့ဖြစ်စေမည်ဖြစ် ပါကြောင်း၊ မဟာဗျူဟာစီမံကိန်းတွင် သတ်မှတ်လုပ်ငန်းစဉ်များ၊ လုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပံ့ပိုးဆောင်ရွက်မှုများတွင် တာဝန်ခွဲဝေသတ်မှတ်ထားရှိမှု၊ လုပ်ငန်းစဉ်များ အချိတ်အဆက်ကောင်းမွန်မှု၊ လုပ်ငန်းစဉ် အလိုက် အကောင်အထည်ဖော်မှု အချိန်သတ်မှတ်ချက် စသည်ဖြင့် ပါဝင်သည်ကို တွေ့ရှိရပြီး စနစ်တကျ ကောင်းမွန်ပြည့်စုံစွာ ရေးဆွဲထားသည်ကို တွေ့ရှိရပါကြောင်း။

မဟာဗျူဟာစီမံကိန်းတွင် ပါဝင်သော လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အပါအဝင် နှီးနွှယ်ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် လက်တွဲဆောင် ရွက်မှုသည်အရေးကြီးပါကြောင်း၊ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်မှုနှင့် အောင်မြင်မှု စောင့်ကြည့်အကဲဖြတ်မှု မူဘောင် (monitoring framework)စနစ်ကိုလည်း ချမှတ် ဆောင်ရွက်စေလိုပါကြောင်း။

ပြန်လည်သန်စွမ်းမှုလုပ်ငန်းများဆောင်ရွက်ခြင်းသည် မသန်စွမ်းသူတစ်ဦး အား လူမှုဘဝနှင့်နေထိုင်မှု အဆင့်အတန်း မြင့်မားစေခြင်း၊ ပညာရေး၊ အလုပ်အကိုင်နှင့် စီးပွားရေး အခွင့်အလမ်းများ မြင့်မားစေခြင်း၊ စိတ်ဓာတ်ခွန်အား တိုးမြှင့်စေခြင်းစသည့် အကျိုးများစွာ ရရှိစေနိုင်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မတ္တရာမြို့နယ်ရှိခုတင် (၇၀၀) ဆံ့ ရေနံ့ သာအနာကြီးရောဂါအထူးကုဆေးရုံကြီးအား ပြန်လည်သန်စွမ်းရေးဆေးရုံ (အထက်မြန်မာ ပြည်) တိုးချဲ့မွမ်းမံ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း။

ပြန်လည်သန်စွမ်းမှုဆိုင်ရာ လုပ်ငန်းများကိုမိမိတို့၏ အရေးကိစ္စသဖွယ်အလေးထား၍ အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူတိုင်းအခြေခံအခွင့် အရေးရရှိရေး၊ လူ့ဂုဏ်သိက္ခာ ပြည့်ဝသော အသိုင်းအဝိုင်း ရရှိရေးတို့အတွက် လုပ်ငန်းများ ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊(၂၀၁၈) ခုနှစ်၊ ဇန်နဝါရီလတွင်ပြန်လည် ထူထောင်ရေးဦးစီးဌာနကို ဖွဲ့စည်းခဲ့ပြီး မသန်စွမ်းသူများအတွက် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများကို ချမှတ်ထားသည့် ဥပဒေများ၊ နည်းဥပဒေများနှင့် အညီအားဖြည့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မွေးကင်းစမှ အသက် (၅)နှစ်အထိ ကလေးငယ်များတွင် ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ အာဟာရချို့တဲ့ခြင်း၊ မသန်စွမ်းခြင်းနှင့် အခြားလိုအပ်ချက်များရှိခြင်းတို့ကို စောစီးစွာသိရှိ ဖော်ထုတ်ကာ လိုအပ်သည့် ဝန်ဆောင်မှု လုပ်ငန်းများလုပ်ဆောင်နိုင် ရန်အတွက် “ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာ စစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဝန်ဆောင်မှု” လုပ်ငန်းများကို လုပ်ဆောင် လျက်ရှိပါကြောင်း။

ကလေးငယ်များတွင် ဦးနှောက် ဉာဏ်ရည်နှင့် ကိုယ်ခန္ဓာဖွံ့ဖြိုး တိုးတက်ခြင်းနှောင့်နှေးမှု အခြေအနေများကို မိဘများကိုယ်တိုင် သိရှိဖော်ထုတ်ကာ ဝန်ဆောင်မှုများ အချိန်မီရ ယူနိုင်ရန်မှာ အရေးကြီးပါကြောင်း၊ နိုင်ငံ၏ အနာဂတ် အတွက်အရေးကြီးသည့် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုများ ကောင်းမွန်ခြင်းဖြင့်နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ် ကောင်းများရရှိပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန အပါအဝင် နှီးနွှယ်ဆက်စပ်ဌာနများ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆရာဝန်အသင်း၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးပညာအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်မျိုးလှက မဟာဗျူဟာစီမံ ကိန်းရေးဆွဲခဲ့မှု၊ မဟာဗျူဟာ စီမံကိန်း၏ အဓိကရည်မှန်းချက် လုပ်ငန်းများနှင့်် ပါဝင်သော လုပ်ငန်းစဉ် များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မဟာဗျူဟာစီမံကိန်းလုပ်ငန်းစဉ် အကောင်အထည် ဖော်ရေးအတွက် ဝိုင်းဝန်း ဆွေးနွေးအကြံပြုမှုများ၊ အစုအဖွဲ့ဖြင့်ဆွေးနွေးအကြံပြုမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)

 

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ သီတင်းကျွတ်လအတွက် မီးထွန်းပွဲနှင့်ကြာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •