၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကျင်းပ

၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကျင်းပ


Ministry of Information/ ​နေပြည်တော် / October 05, 2019
image_latest


နေပြည်တော် အောက်တိုဘာ ၅

၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကိုယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ပညာရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

အခမ်းအနားကို နေပြည်တော် အမှတ်(၂၂) အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာဆရာမများ က “ဆရာရဲ့ ကရုဏာ” သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး က အဖွင့်အမှာစကား ပြောကြားရာတွင် အောက်တိုဘာ(၅)ရက်နေ့သည် ကမ္ဘာတစ်ဝန်း လုံးရှိ ဆရာများကိုဂုဏ်ပြုသည့် ကမ္ဘာဆရာများနေ့ဖြစ်ပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ် သည် “လူငယ်ဆရာများခန့်ထားလို့ အနာဂတ် စွမ်းဆောင်ရည်မြှင့်တင်စို့”ဟူ၍ ဖြစ်ပါကြောင်း၊ နောင်အနာဂတ်တွင် တာဝန်ယူတာဝန်ခံ၍ ပူးပေါင်းဆောင်ရွက် တတ်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူငယ်ဆရာ ဆရာမအင်အားစုများ အဖြစ် ပြုစု ပျိုးထောင်မွေးထုတ်ပေးရန် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း။

ပြောင်းလဲလာသော ခေတ်နှင့်အညီစိန်ခေါ်မှုအမျိုးမျိုးဖြင့် ကြုံတွေ့နေရသော မျက်မှောက်ကာလ တွင် ကျောင်းသားများ၏ဘဝကို ထိန်းကျောင်းပေးရသည့် ဆရာများ သည် ပို၍တာဝန်များပြား လာပါကြောင်း၊ တန်ဖိုးရှိသောဆရာများသည် ကျောင်းသား များ၏ အနာဂတ်စိန်ခေါ်မှုများ ကိုရင်ဆိုင်နိုင်ရေး အတွက်သင်ကြား သင်ယူမှု လုပ်ငန်းများအား ခွဲခြားမှုမရှိဘဲဆောင်ရွက် ပေးနေကြသည်မှာ လွန်စွာ ဂုဏ်ယူဝမ်းမြောက် ရပါ ကြောင်း၊ ၂၀၁၉ခုနှစ် ကမ္ဘာ့ဆရာများနေ့အား ကမ္ဘာတစ်ဝန်း ကျင်းပကြရာတွင် အထိမ်း အမှတ်ပွဲများသာမကပညာရေးကဏ္ဍ၏ အောင်မြင်မှုများ အား ခြုံငုံသုံးသပ်ခြင်း၊ စွမ်းဆောင်ရည်မြင့်မားသောလူငယ်များအား ပညာရေး နယ်ပယ်က အားကိုးရသည့် ဆရာဆရာမများဖြစ်လာအောင် ပြုစုပျိုးထောင်ပေးသည့် လုပ်ငန်းများဆောင်ရွက်ရေး တို့ကိုလည်း ဆွေးနွေးသုံးသပ်ကြပါကြောင်း။

အနာဂတ်ကမ္ဘာတွင် ဆရာဆရာမများကြုံတွေ့လာရမည့် သင်ယူမှုသင်ကြား မှုနည်းစနစ် မတူ ကွဲပြားခြင်း၏စိန်ခေါ်မှုများအတွက်လည်း ပြင်ဆင်ပေးထားရန် လိုအပ် လျက် ရှိရာလူငယ် ဆရာဆရာမများ၏အားထုတ်မှု ပိုမိုလိုအပ်လာပါကြောင်း၊ မျက်မှောက်ခေတ် ၂၁ရာစုတွင် Automation Technology, AI, IOT, Big Data စသည့်နည်းပညာများအလျင် အမြန်ဖွံ့ဖြိုး တိုးတက်နေသည့်အတွက် ခေတ်နှင့် လိုက် လျောညီထွေသည့် အတွေးအမြင်သစ်ဖြင့် တီထွင်ဆန်း သစ်ဖန်တီးနိုင်စွမ်းရှိသည့် လူငယ်လူရွယ်များဆရာအလုပ်ကို ဝင်ရောက်ဆောင်ရွက် လာကြသည်ကို ဖွံ့ဖြိုးပြီး နိုင်ငံ များတွင်တွေ့ရှိနေရပါကြောင်း၊ အနာဂတ်ကာလတွင် ကြုံတွေ့လာရမည့် ဆရာ ဆရာမ ဦးရေလျော့ပါးလာခြင်း၊ စာသင်ကျောင်းများတွင် ဆရာဆရာမမလုံလောက် ခြင်း ၊ နည်းပညာအသစ်နှင့်သင်ကြားသင်ယူမှု နည်းစနစ်အသစ်များအား ရင်ဆိုင်ရခြင်း စသည့် စိန်ခေါ်မှု များကိုဖြတ်ကျော်နိုင်မည့် မျိုးဆက်သစ် လူငယ်ဆရာဆရာမများ၏ စွမ်းအားစု ကို အသုံးပြု နိုင်ရေးသည် နိုင်ငံတော်၏လိုလားချက်ဖြစ်ပါကြောင်း၊ ခေတ်နှင့် လိုက်လျောညီထွေ အမီလိုက်နိုင် မည့် လူငယ် ဆရာဆရာမများကို အားကိုး အားထား ပြုရမည်ဖြစ်ပါကြောင်း၊ တိုးတက်ပြောင်းလဲ လိုပြီးစိတ်အားထက်သန်သည့် လူငယ်လူရွယ်များ၏ အင်အားစုကိုဆရာဆရာမများအဖြစ် ပြောင်း လဲ နိုင်မည်ဆိုပါက ပညာရေး ကဏ္ဍအတွက် ခွန်အားများတိုးပွားလာမည်ဖြစ်ပါကြောင်း။

ကမ္ဘာ့ဆရာများနေ့၏ ရည်ရွယ်ချက်အတိုင်းနေရာဒေသအသီးသီးတွင် ပညာရေး တိုးတက်မြင့် မားရေး ဆောင်ရွက်နေသည့်ဆရာများ၏စွမ်းဆောင်ရည်အား နိုင်ငံတော်က အသိအမှတ်ပြု၍ ယခုလိုအခမ်းအနားများဖြင့် ဂုဏ်ပြုကျင်းပခြင်း ဖြစ်ပါကြောင်း၊ ယနေ့ ချိန်ခါတွင် နိုင်ငံတော်၏ အရည်အသွေးရှိသောပညာရေးအတွက် နှစ်ပေါင်းများစွာ အခက်အခဲများ၊ လိုအပ်ချက်များ ရှိနေပါ ကြောင်း၊ ယင်းလိုအပ်ချက် များကို ဖြည့်ဆည်း ပေးမည့် လူငယ်လူရွယ်ဆရာများအား ခန့်ထားတာ ဝန်ပေးအပ်ပြီး ၎င်းတို့၏ ခွန်အားစွမ်းဆောင်ရည်များဖြင့် နိုင်ငံတော်၏ပညာရေးကို မြှင့်တင်ပေးရ မည့် အချိန်လည်းဖြစ်ပါကြောင်း၊ "လူငယ် ဆရာများခန့်ထားလို့ အနာဂတ် စွမ်းဆောင်ရည် မြှင့်တင် စို့" ဆောင်ပုဒ်နှင့်အညီလူငယ် ဆရာများနှင့်ပညာရေးအား မြှင့်တင်ပေးကြပါစို့ ဟုတိုက်တွန်းလို ပါကြောင်းပြောကြားသည်။

ဆက်လက်၍ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များ ကပေးပို့သော စုပေါင်းသဝဏ်လွှာကို မြန်မာနိုင်ငံယူနက်စကိုအမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် ဒေါက်တာ ကြည်ရွှင်က ဖတ်ကြားသည်။

ယင်းနောက် ၂၀၁၉ ခုနှစ်၊ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဗွီဒီယိုဖိုင်ကို ပြသပြီး ဆရာများအဖွဲ့ချုပ် အသီးသီး၏ကိုယ်စားလှယ်များက သဝဏ်လွှာများကို ဖတ်ကြား သည်။

ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပျဉ်းမနားမှ ကျောင်းသား ကျောင်းသူ လေးများက အသီးတရာအညှာတစ်ခုသီချင်းဖြင့် ဂုဏ်ပြု ဖျော်ဖြေတင်ဆက်သည်။ ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများ၏ ဆောင်ရွက်မှု မှတ် တမ်းအကျဉ်းချုပ်ကိုပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာဝင်းထွန်းက တင်ပြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီး နှင့် တိုင်းရင်း သားရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တို့က ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများ၊ နိုင်ငံတကာ ပြိုင်ပွဲများတွင် ဆုရရှိသောဆရာများနှင့် အခြေခံပညာကျောင်းများတွင် ၂၀၁၉ ခုနှစ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမြှင့်တင်မှု မှတ်တမ်း ဆုရဆရာများအား ဂုဏ်ပြုဆု ချီးမြှင့် ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းနှင့်လွှတ်တော်ကိုယ် စားလှယ်များက ကျောင်းတက် ရက်မပျက်သောဆရာများနှင့် ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ ပိုစတာဆုရ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအားဂုဏ်ပြု ဆုများချီးမြှင့်သည်။

ယင်းနောက် နေပြည်တော်၊ အမှတ်(၅) အခြေခံပညာအထက် တန်း ကျောင်း မှ ကျောင်းသား ကျောင်းသူများက “ပန်းပျိုးလက်” သီချင်းဖြင့် ဂုဏ်ပြုတင်ဆက်ကြ သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည် တော်များသည် စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကာ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသော ပြခန်းများအားလှည့်လည်ကြည့်ရှုကြသည်။

ယနေ့ကျင်းပသည့် ၂၀၁၉ ခုနှစ်၊ ကမ္ဘာဆရာများနေ့ အခမ်းအနားတွင် ဂုဏ်ထူး ဆောင် ဆရာကြီး၊ ဆရာမကြီး(၁၂)ဦး၊ နိုင်ငံတကာပြိုင်ပွဲများတွင်ဆုရရှိသော ဆရာ (၃) ဦး၊ အခြေခံပညာကျောင်း များတွင် ၂၀၁၉ ခုနှစ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း မြှင့်တင်မှု မှတ်တမ်းဆုရဆရာ (၁) ဦး၊ ကျောင်းတက်ရက်မပျက် ဆုရဆရာမ(၅)ဦး၊ ၂၀၁၉ ခုနှစ်၊ ကမ္ဘာဆရာများနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ ပိုစတာပြိုင်ပွဲ များတွင် ဆုရဆရာဆရာမ၊ ကျောင်းသားကျောင်းသူ (၃၂)ဦးတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

HOT NEWS
January 4,