နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်“A conversation With Daw Aung San Suu Kyi , State Counsellor of Myanmar” ခေါင်းစဉ်ဖြင့်ကျင်းပသည့် ဆွေးနွေးပွဲသို့တက်ရောက် ဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်“A conversation With Daw Aung San Suu Kyi , State Counsellor of Myanmar” ခေါင်းစဉ်ဖြင့်ကျင်းပသည့် ဆွေးနွေးပွဲသို့တက်ရောက် ဆွေးနွေး

နိုင်ငံတော်သမ္မတရုံး/ နေပြည်တော် / September 14, 2018


နေပြည်တော် စက်တင်ဘာ၁၃

ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန် နံနက်၈နာရီခွဲတွင် ဟနွိုင်းမြို့ရှိ National Convention Center၌ “A conversation With Daw Aung San Suu Kyi , State Counsellor of Myanmar” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်နေမှုများနှင့်ရခိုင်ပြည်နယ်အရေးကိစ္စပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘာ့စီးပွားရေးဖိုရမ် အမှုဆောင်ဥက္ကဋ္ဌ ပါမောက္ခ Klaus Schwab အားဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် National Convention Center၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်ကမ္ဘာ့စီးပွားရေးဖိုရမ်မှ မြန်မာနိုင်ငံအတွက် အထောက်အကူပြုဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံလက်ရှိကြုံတွေ့ နေရသည့် အခြေ အနေများ အပေါ်ကြိုးပမ်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စု၀န်ကြီးဦးသောင်းထွန်း၊ ဦးကျော်တင်နှင့် ဒုတိယ၀န်ကြီး ဦးဆက်အောင်တို့တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များနှင့် လည်းကောင်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် လည်းကာင်း National Convention Center၌ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ NoiBai အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဗီယက်နမ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့ နှင့်အတူ ဗီယက်နမ်နိုင်ငံသိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန ၀န်ကြီး Mr. Chu Ngoc Anh၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုး၀င်းနှင့် ဇနီး၊စစ်သံမှူး (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် အောင်ဇေယျနှင့် မြန်မာသံရုံးမှ တာ၀န်ရှိသူများက ဟနွိုင်းမြို့ NoiBai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ညနေ ၆ နာရီတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ နိုင်ငံတော်အတိုင်ပင်ခံရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးကျော်တင့်ဆွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့် ဇနီး၊ သမ္မတရုံး၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးမင်းသူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်၀င်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်သံရုံး ပထမအတွင်း၀န်တို့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ကြိုဆိုကြသည်။ 

အထူးသတင်း

မူလတန်းပညာရေးဟာ ပညာရေးစနစ်တစ်ခုလုံးရဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်