မြန်မာနိုင်ငံ၏ MYANMAR SAT 2 ပါဝင်သည့် INTELSAT 39 ဂြိုဟ်တု အောင်မြင်စွာလွှတ်တင်

မြန်မာနိုင်ငံ၏ MYANMAR SAT 2 ပါဝင်သည့် INTELSAT 39 ဂြိုဟ်တု အောင်မြင်စွာလွှတ်တင်


Ministry of Transport and Communications/ Nay Pyi Taw / August 07, 2019


နေပြည်တော် သြဂုတ် ၇

မြန်မာနိုင်ငံ၏ နိုင်ငံပိုင်အဖြစ် အကျိုးတူပူးပေါင်းထားသည့် Myanmar Sat 2 ပါဝင်သည့် Intelsat 39 မြေပြင် တည်ငြိမ် ပတ်လမ်းသွားဆက်သွယ်ရေး ဂြိုဟ်တုကို အမေရိကန်ဒေသစံတော်ချိန် ၄ နာရီ ၁၇ မိနစ် (မြန်မာစံတော်ချိန် နံနက် ၂ နာရီ) တွင် တောင်အမေရိကတိုက်၏ ပြင်သစ်ဂီယာနာ (French Guiana) ရှိ အာရိယန် အာကာသဒုံးပျံပစ်လွှတ်ရေးအခြေစိုက်စခန်း (Ariane Space Launch Base) မှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တုလွှတ်တင်ပွဲ အခမ်းအနားကို ယနေ့နံနက်အစောပိုင်းတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပသည်။ ယင်းအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ Intelsat ကုမ္ပဏီမှ အာရှ- ပစိဖိတ် အရောင်း မန်နေးဂျင်းဒါရိုက်တာ Mr. Rajeev Kapoor နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ Intelsat ကုမ္ပဏီမှ  အာရှ- ပစိဖိတ် အရောင်း မန်နေးဂျင်းဒါရိုက်တာ Mr. Rajeev Kapoor က  အဖွင့်အမှာစကား ပြောကြားပြီး အထိမ်းအမှတ် လက်ဆောင်ပေးအပ်သည်။

ထို့နောက် မြန်မာ စံတော်ချိန် နံနက် ၂ နာရီတွင်  ဂြိုဟ်တုစတင် လွှတ်တင်နေမှုကို တိုက်ရိုက်ကြည့်ရှုကြသည်။

အဆိုပါဂြိုဟ်တုသည် မြေပြင်မှ ပစ်လွှတ်ပြီး ၃၄ မိနစ်ခန့်တွင် သတ်မှတ် ပတ်လမ်းသို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။ ယင်းနောက် ဂြိုဟ်တုလွှတ်တင်နိုင်မှုအောင်ပွဲ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပသည်။

အဆိုပါဂြိုဟ်တု၏ စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ခန့်ဖြစ်ပြီး အရစ်ကျစနစ်ဖြင့် ၂၀၁၈ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းပေးသွင်းခဲ့ကာ ၂၀၁၉ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ၂၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်သည်။ Myanmar Sat 2 သည် မြန်မာနိုင်ငံအနေဖြင့် C-band လိုင်းအင်အားပေါင်း 432 MHz၊ Kuband လိုင်းအင်အားပေါင်း 432 MHz စုစုပေါင်း 864 MHz ကို အသုံးပြုနိုင်မည်ဖြစ်သည်။ ဂြိုဟ်တုသက်တမ်းမှာ ၁၅နှစ်ကာလဖြစ်ပြီး ၂၀၁၉ ခုနှစ် နောက်ဆုံး (၃) လမှ စတင်၍ သက်တမ်းကုန်ဆုံးသည်အထိ အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အောင်လှိုင်ဝင်း