Digital Platform အသုံးပြု စားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ

Digital Platform အသုံးပြု စားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / August 08, 2025
image_latest


နေပြည်တော် ဩဂုတ် ၇

ရန်ကုန်စားအုန်းဆီသိုလှောင်ကန်မှ နေပြည်တော်ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ စားအုန်းဆီသယ်ယူဖြန့်ဖြူးရာတွင် သတ်မှတ်အရည်အသွေး၊ အရေအတွက်နှင့် သတ်မှတ်ကာလအတွင်း ရောက်ရှိရန်နှင့် စားသုံးဆီဖြန့်ဖြူးရေးလုပ်ငန်းစဉ်အပေါ် ကြီးကြပ်ထိန်းကျောင်းနိုင်ရန် ရည်ရွယ်၍ “Digital Platform အသုံးပြုစားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်းအခမ်းအနား” ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ် ‒ ၃ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက နိုင်ငံတော်အနေဖြင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ အရည်အသွေးမီ စားသုံးဆီများအား ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့် ပြည်သူများ ဝယ်ယူသုံးစွဲနိုင်ကြစေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါကြောင်း။

အများပြည်သူစားသုံးရန် ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများကို တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် ခွဲဝေလျာထားသည့်ပမာဏအတိုင်း သတ်မှတ်နေရာအရောက်၊ သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များ၊ စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့များက ကြီးကြပ်ဆောင်ရွက်လျက်ရှိသကဲ့သို့ ယနေ့အခမ်းအနား၌ စတင်ကျင့်သုံး ဆောင်ရွက်မည့် Digital Platform အသုံးပြုစားသုံးဆီဖြန့်ဖြူးမှုစနစ် နည်းပညာများနှင့်လည်း ထိန်းကျောင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၌ လက်လီအဆင့်ထိ Digital Platform အသုံးပြု စားသုံးဆီဖြန့်ဖြူးခြင်းစနစ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည်နှင့်အမျှ ကျန် တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က အဆိုပါစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ပေါင်းစပ်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူးနှင့် နေပြည်တော်ကောင်စီဝင်တို့က Digital Platform အသုံးပြုစားသုံးဆီဖြန့်ဖြူးမှုစနစ်မိတ်ဆက်ခြင်းအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

အခမ်းအနားတွင် နည်းပညာကုမ္ပဏီဖြစ်သည့် Capital Connect Limited မှ တာဝန်ရှိသူက စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်သည့်စနစ် (Edible Oil System) နှင့်စပ်လျဉ်း၍ Video Clip ဖြင့် ရှင်းလင်းတင်ပြပြီး တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ တာဝန်ရှိသူက စားသုံးဆီများ သယ်ယူပို့ဆောင်ရာတွင် GPS ၊ CCTV တပ်ဆင်အသုံးပြု၍ Real Time စောင့်ကြည့်စစ်ဆေးနိုင်သည့်အခြေအနေကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

အခမ်းအနားသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ နေပြည်တော်ကောင်စီဝင်၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် နေပြည်တော်သို့ စားသုံးဆီဖြန့်ဖြူးသည့်ကုမ္ပဏီများ၊ ဆီကန်တာဝန်ခံများ၊ နေပြည်တော်တွင် စားအုန်းဆီဖြန့်ဖြူးသည့် စားအုန်းဆီ လက်ကား/ လက်လီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။              

သတင်းစဉ်