Grade-6(သင်ရိုးသစ်) တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆွေးနွေးပွဲကျင်းပ
Grade-6(သင်ရိုးသစ်) တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆွေးနွေးပွဲကျင်းပ
Ministry of Information/ နေပြည်တော် / April 21, 2019
ရန်ကုန် ဧပြီ ၂၁
ပညာရေးဝန်ကြီးဌာန ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန နှင့် ADB-EYE Project တို့ပူးပေါင်းဆောင်ရွက်သည့် Grade-6 (သင်ရိုးသစ်) တိုင်းဒေသကြီး ပြည်နယ်အဆင့် ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းရှိ နှင်းဆီခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဘက်စုံလွှမ်းခြုံ သော ပညာရေး ကဏ္ဍ လေ့လာဆန်းစစ်မှုအစီရင်ခံစာနှင့် အမျိုးသား ပညာ ရေးမဟာဗျူဟာစီမံကိန်းများတွင် ဖော်ပြ ထားချက်များ အရ အခြေခံပညာကဏ္ဍ သင်ရိုးညွှန်းတမ်းပြုပြင် ပြောင်းလဲမှုကို KG+12 အစီအစဉ်ဖြင့် ဆောင်ရွက် လျက်ရှိရာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သင်ရိုးသစ် KG၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် သင်ရိုးသစ် Grade-1 နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် သင်ရိုးသစ် Grade-2 တို့ကို ပြောင်းလဲခဲ့ပါကြောင်း၊ လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မူလတန်း၌ သင်ရိုးသစ် Grade-3 နှင့် အလယ်တန်းအတွက် သင်ရိုး သစ် Grade-6 တို့ကို ပြောင်းလဲသင်ကြားသွားမည် ဖြစ်ပါကြောင်း၊ မူလတန်းအဆင့်တွင် ဂျပန်နိုင်ငံအစိုးရ၏ နည်းပညာအထောက်အပံ့ဖြစ်သော JICA (CREATE) Project ဖြင့် ဆောင်ရွက်လျက်ရှိပြီး အလယ်တန်း၊ အထက်တန်းအဆင့်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေဖြင့် ဆောင်ရွက်သည့် EYE Project–(Equipping Youth For Employment Project) လူငယ်များအား အလုပ်အကိုင် အခွင့်အလမ်းများအတွက် အသင့် ပြင်ဆင်ပေးခြင်းစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး EYE Project တွင် အလယ်တန်းနှင့် အထက်တန်းပညာရေး (G6 – G12) တို့အတွက် သင်ရိုးညွှန်းတမ်းများ အသစ် ပြင်ဆင်ရေးဆွဲခြင်းနှင့် နည်းပညာနှင့် အသက်မွေး ပညာရေးနှင့်လေ့ကျင့်ရေး(TVET) အစီအစဉ်သစ်များ မိတ်ဆက်ခြင်း ဟူ၍ (၂) ပိုင်းပါဝင်ပါကြောင်း။
စီမံကိန်း စတင်သည့် နှစ်မှာ ၂၀၁၇-၂၀၁၈ ဖြစ်ပြီး ၂၀၂၁-၂၀၂၂ တွင်ပြီးဆုံးမည်ပါကြောင်း၊သင်ရိုးသစ် Grade-6 အတွက် ကြီးကြပ်သူများဆိုင်ရာသင်တန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ရက်နှင့် ၁၉ ရက်တို့တွင် ပထမ အသုတ်နှင့် ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၂ရက် တို့တွင် ဒုတိယအသုတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့် မြို့နယ်ရှိ ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင်ပြုလုပ်ခဲ့ပြီး ပညာရေးတက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် နှင့် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ စုစုပေါင်း (၆ဝဝ) ဦး တက်ရောက်ခဲ့ပါကြောင်း၊ ဦးဆောင်ပို့ချသူများအတွက် သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၇ ရက် မှ ၁၁ ရက် အထိ ( ၅ ရက် ဖြင့်) ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ်ရှိ ပညာရေးစီမံခန့်ခွဲမှုသင်တန်း ကျောင်းတွင် ပြုလုပ်ခဲ့ပြီး ပညာရေးကောလိပ်များမှ ဆရာ၊ ဆရာမများ၊ ခရိုင်ပညာရေးမှူးရုံးများမှ ဦးစီး အရာရှိများ၊ ကျောင်းအုပ်များ၊ အလယ်တန်းပြ ဆရာ၊ ဆရာမများ စုစုပေါင်း (၁၆၈) ဦးတက်ရောက်ခဲ့ပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် ဦးဆောင်ပို့ချမည့် ဆရာ ဆရာမ(၁၆၈) ဦးအား ၂၀၁၉ ခုနှစ် မတ်လ ၂၄ ရက်မှ ၂၆ ရက်အထိ မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် အ-ထ-က (၈)တွင် အကြိုဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်အဆင့်သင်တန်း ပထမအသုတ်ကို မတ် ၂၇ ရက်မှ ဧပြီ ၈ ရက်အထိ (သင်တန်းကာလ ၁၂ ရက်ဖြင့်) အ-ထ-က(၁) အောင်မြေသာဇံ၊ အ-ထ-က (၈) အောင်မြေသာဇံနှင့် အ-ထ-က (၁၄) ချမ်းအေးသာဇံမြို့နယ်တို့တွင် ပြုလုပ်ခဲ့ပြီး သင်တန်းသား ဆရာ ဆရာမ စုစုပေါင်း(၂၄၈၂) ဦးတက် ရောက်ခဲ့ ပါကြောင်း၊ ယခု ဒုတိယအသုတ်ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၁) ရက်မှ မေ (၃) ရက်အထိ (သင်တန်းကာလ ၁၂ ရက်ဖြင့်) ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းနှင့် အ-ထ-က(၄) အလုံ တို့တွင် နှစ်နေရာခွဲ၍ ပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းသား ဆရာ ဆရာမ စုစုပေါင်း (၂၅၁၄) ဦး တက်ရောက်မည်ဖြစ်ပါကြောင်း၊ နောက်ဆုံးအဆင့်ဖြစ်သည့် ခရိုင်/မြို့နယ်အဆင့်သင်တန်းများကို ၂၀၁၉ ခုနှစ်၊ မေ ၁၀ ရက် မှ ၂၄ ရက်အထိ သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်များတွင် (၁၄)ရက်ကြာ ပြုလုပ် သွားမည်ဖြစ်ပြီး ဆရာ၊ ဆရာမ စုစုပေါင်း (၁၅၀,ဝဝဝ) ခန့်တက်ရောက်မည်ဖြစ်ပါကြောင်း။
သင်ရိုးသစ်တွင် ပါဝင်သော ဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီဝင်၊ သမိုင်း၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ(ပန်းချီ)နှင့် အနုပညာ (ဂီတ) ဘာသာရပ်များကို သက်ဆိုင်ရာ သင်တန်းနည်းပြများက ဆွေးနွေးတင်ပြသွားကြမည်ဖြစ်ပါကြောင်း၊ သင်ရိုး သစ်များဖြင့် လေ့ကျင့်သင်ကြားခြင်းအားဖြင့် ကျောင်းသားကျောင်းသူများသည် ဆရာ ဆရာများ၏ ဦးဆောင် ဖန်တီးမှုဖြင့် လက်တွေ့ဘဝတွင် တွေ့ကြုံရမည့် အခက်အခဲ၊ ပြဿနာများကို ကိုယ်တိုင်ဖြေရှင်း နိုင်သည့် အခြေ အနေများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပင်ကိုယ်ဉာဏ်အရည်အသွေးနှင့် စွမ်းရည်၊ စဉ်းစား တွေးခေါ်မှု စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာပြီး ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက် လာမည်ဖြစ် ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်း ကူညီစိတ်များ၊ တွေးခေါ်၊ သုံးသပ်၊ တီထွင်တတ်သော အလေ့အကျင့်များ ရရှိ၍ ဘဝတွင် အသုံးချ နိုင်သည် အထိ ကျွမ်းကျင်မှုများရရှိလာပြီး လူသားကောင်းများ အဖြစ်သို့ရောက်ရှိလာမည် ဖြစ်ပါကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားပြီး မှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။
အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ရန်ကုန်မြို့ အလုံမြို့နယ် အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် Grade-6 (သင်ရိုးသစ်) တိုင်းဒေသကြီး/ပြည်နယ် အဆင့် ဆွေးနွေးပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း တို့က အဖွင့်အမှာစကားပြောကြား ကြသည်။
အဆိုပါ Grade-6(သင်ရိုးသစ်)တိုင်းဒေသကြီး ပြည်နယ်အဆင့် ဆွေးနွေးပွဲသို့ သင်တန်းသား သင်တန်း သူ ဆရာ ဆရာမ(၂၅၁၄)ဦးတက်ရောက်ကြပြီး ဧပြီ ၂၁ ရက်မှ မေ ၃ ရက်အထိ (၁၂)ရက်ကြာ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)