PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့အရပ်သားပြည်သူများအား သေနတ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ် 

PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့အရပ်သားပြည်သူများအား သေနတ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ် 


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 07, 2024


     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်းအကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

     ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းမြို့နယ်၊ ရွှေမင်းဝံရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးကျော်ထက်အောင်(ခ)စိစိသည် သူငယ်ချင်းဖြစ်သူ ဦးနေဗလ(၂၈)နှစ်နှင့်အတူ ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး (စိစစ်ဆဲ) က ဆိုင်ကယ်နှစ်စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးနေဗလတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကာ သေဆုံးသွားခဲ့ပြီး ဦးကျော်ထက်အောင်(ခ)စိစိတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍  ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

     အလားတူ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ရွှေဘိုမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးမင်းထိုက်(၄၅)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်း(၄၂)နှစ်တို့သည် နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး (စိစစ်ဆဲ) က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိ ဆိုင်ကယ် နှစ်စီးနှင့် ငွေ ၈၅ သိန်းကျပ်တို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးမင်းထိုက်နှင့် ဒေါ်မြင့်မြင့်သန်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     အလားတူ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မုန်ကန်ကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးခင်မောင်မြင့်(၅၁)နှစ်သည်  နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ဦးခင်မောင်မြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     အလားတူ မေ ၄ ရက် နံနက် ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်ကျေးရွာနေ ဦးသိန်းလွင်စိုး(ခ)ကျောက်ခဲ(၄၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား အင်အား (စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသိန်းလွင်စိုး(ခ)ဦးကျောက်ခဲတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,