KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်နေကြသူများအား အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ဆက်လက်ရှင်းလင်းဆောင်ရွက်
KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်နေကြသူများအား အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ဆက်လက်ရှင်းလင်းဆောင်ရွက်
Ministry of Information/ Naypyitaw / November 21, 2025
နေပြည်တော် နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။
အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူအများစုသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသော မြဝတီမြို့နှင့် အလှမ်းဝေးကွာသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများသို့ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်လာကြခြင်းဖြစ်သည်။ အဆိုပါနယ်မြေများသည် တိုင်းရင်းသားလက်နက်ကိုင် EAOs ၊ KNU ၊ KNLA အဖွဲ့များ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့အချို့နှင့် နယ်ခြားစောင့်တပ်ဖွဲ့အမည်ခံတပ်ဖွဲ့များ ဝင်ရောက်လုပ်ကိုင်နေကြသော နယ်မြေများဖြစ်ပြီး ကိုယ်ကျိုးရှာစီးပွားရေးသမားများသည် ၎င်းအဖွဲ့များနှင့် ချိတ်ဆက်၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ကျူးလွန်နေကြခြင်းဖြစ်သည်။ သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြဝတီမြို့နှင့်အနီးဝန်းကျင်နေရာများတွင် နယ်မြေစိုးမိုးရေးနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နယ်မြေပြန်လည်ငြိမ်းချမ်းလာချိန်တွင် အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး ထိုမှတစ်ဆင့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများတွင်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှု အမြစ်ပြတ်ပပျောက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဖော်ထုတ်ဖမ်းဆီးရမိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ကြသူများကို လိုအပ်သည့်စိစစ်မှုများဆောင်ရွက်၍ သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျပြန်လည်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ယင်းဒေသတွင် လုံးဝပြန်လည်အခြေမချနိုင်စေရေး၊ ဒုစရိုက်လုပ်ငန်းများ ထပ်မံမလုပ်ဆောင်နိုင်စေရေးအတွက် ယင်းဒေသတွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများကိုလည်း အပြီးတိုင်ဖျက်ဆီးဖြိုချမှုများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ရာတွင် ယာဉ်ယန္တရားများဖြင့် စနစ်တကျဖြိုချဖျက်ဆီးခြင်း၊ အဆင့်မြင့်နည်းပညာသုံးဖောက်ခွဲဖျက်ဆီးခြင်း နည်းပညာများအသုံးပြု၍ စနစ်တကျဖောက်ခွဲဖျက်ဆီးခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ယနေ့ ညနေ ၆ နာရီအထိ မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုလျက်ရှိသည့် အဆောက်အအုံများ ၆၃၅ လုံးရှိသည့်အနက် ၁၈၂ လုံးကို ဖြိုချဖျက်ဆီးပြီးစီးပြီဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် အဆောက်အအုံ ၄၅၃ လုံးကို ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိသည်။
အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို နိုဝင်ဘာ ၁၈ ရက်မှစ၍ စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့တတိယနေ့အဖြစ် ရှင်းလင်းမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီအထိခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံခြောက်လုံးအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုသည့်လုပ်ငန်းသုံးပစ္စည်းများကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်၍ ရွှေကုက္ကိုလ်နယ်မြေအတွင်း တရားမဝင်ဝင်ရောက်နေထိုင်သူများအား ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေကြသည့် ဗီယက်နမ်နိုင်ငံသားသုံးဦး၊ ကင်ညာနိုင်ငံသား ၂၃ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၈၅ ဦး၊ နမေဗီးယားနိုင်ငံသား တစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၆၈ ဦး၊ ယုဂန်ဒါနိုင်ငံသား ၁၅ ဦး၊ နီပေါနိုင်ငံသား ၁၀ ဦး၊ အိန္ဒိယနိုင်ငံသား ၄၃ ဦး၊ ဇင်ဘာဘွေနိုင်ငံသားတစ်ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၃ ဦး၊ ပါကစ္စတန်နိုင်ငံသား ၂၁ ဦး၊ ဘင်္ဂါလား ဒေ့ရှ်နိုင်ငံသားလေးဦး၊ ဆီးရီးယားလီယွန်နိုင်ငံသားသုံးဦး၊ လိုက်ဘေးရီးယားနိုင်ငံသားတစ်ဦး၊ နိုင်ဂျီးရီးယား နိုင်ငံသားခုနစ်ဦး၊ အီဂျစ်နိုင်ငံသားတစ်ဦး၊ သီရိလင်္ကာနိုင်ငံသားတစ်ဦး၊ ကာဇက်စတန်နိုင်ငံသားနှစ်ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသားသုံးဦး စုစုပေါင်း ၄၀၅ ဦးတို့ကို လမ်းဆုံလမ်းခွများ၌ စစ်ဆေးဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ သို့ဖြစ်၍ ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်း ဖော်ထုတ်ရှင်းလင်းမှုများ အရ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသား ၁၀၁၆ ဦးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုသည့် ကွန်ပျူတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်း အလုံး ၂၁၇၅၀ နှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကို စိစစ်တွေ့ရှိဖမ်းဆီးရရှိခဲ့ပြီး ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၁၀၁၆ ဦးကို မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိ အဆောက်အအုံ၌ ထိန်းသိမ်းထားရှိပြီး တရားမဝင် ပြည်ပနိုင်ငံသားစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံသား ၆၀၀ ကို စစ်ဆေးနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်းလုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
