KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ထိန်းချုပ်ရရှိ၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ထိန်းချုပ်ရရှိ၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


Ministry of Information/ Naypyitaw / August 19, 2025
image_latest


နေပြည်တော် ဩဂုတ် ၁၉

KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားသည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့အား တပ်မတော်က ယနေ့ဩဂုတ် ၁၉ ရက်တွင် အပြည့်အဝပြန်လည်ထိန်းချုပ်ပြီး လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်၊ နိုင်ငံတော်နှင့် အစိုးရ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နှောင့်ယှက်ဟန့်တားရန်၊ ဒေသခံတိုင်းရင်းသားပြည်သူများ အကြောက်တရားများ လွှမ်းမိုးစေရန်ရည်ရွယ်၍ ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နှင့်အနီးဝန်ကျင်တစ်ဝိုက်အား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင်လည်း စစ်ရေးပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီးများ အကူအညီဖြင့် တပ်မတော်စစ်ကြောင်းများ၏ အလစ်အငိုက်ရယူ၍ ဝင်ရောက်ပစ်ခတ်ခြင်း၊ ဆရာ၊ ဆရာမများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး တစ်ဆင့်ပြီးတစ်ဆင့် လွိုင်ကော် မြို့သိမ်းတိုက်ပွဲအား စတင်ဆောင်ရွက်ခဲ့သဖြင့် မြို့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်စစ်ကြောင်းများက လွိုင်ကော်မြို့အကြမ်းဖက်သောင်းကျန်းသူများ လက်အောက်မကျရောက်စေရေး ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်သောင်းကျန်းသူများသည် လွိုင်ကော်မြို့အား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ထိခိုက်ကျဆုံးများစွာဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

အဆိုပါ ဆုတ်ခွာထွက်ပြေးသွားခဲ့သည့် KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဒီမော့ဆိုမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ကျေးရွာသူ၊ ကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက်ဝင်ရောက်နေရာယူ၍ အစိုးရ၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် တပ်မတော်တပ်စခန်းများ၊ လုံခြုံရေးတပ်ဖွဲ့များ၏ တပ်ဌာနချုပ်များအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှိုဖျက်ဆီးခြင်း၊ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့်ပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်း စသည့်အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ဒီမော့ဆိုမြို့အတွင်းရှိနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများတွင် အခိုင်အမာခံစစ်ပြုလုပ်ကာ လွိုင်ကော်-ဒီမော့ဆို-ဘောလခဲ ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရိုးသားစွာ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် ၎င်းတို့ပိုင်ဆိုင်သည့် နေအိမ်အဆောက်အအုံများနှင့် ဥစ္စာပစ္စည်းများကို စွန့်ခွာ၍ ဘေးလွတ်ကင်းရာ မြို့၊ ရွာများသို့ ယာယီနေရပ်စွန့်ခွာ သွားရောက်နေထိုင်ခဲ့ကြရသဖြင့် လူ့အခွင့်အရေးများ၊ လူမှုစီးပွားဘဝများ များစွာနိမ့်ကျခဲ့ရသည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများအား ၎င်းတို့၏ မြို့/ရွာများရှိနေအိမ်များတွင် ပြန်လည်နေထိုင်နိုင်ရေး၊ အေးချမ်းပျော်ရွှင်စွာ လူမှုစီးပွားဘဝ ရှာဖွေလုပ်ကိုင်စားသောက်နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တယား ပြန်လည်လည်ပတ်နိုင်ရေးအတွက် အဆိုပါ အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် ဒီမော့ဆိုဒေသတစ်ဝိုက်နှင့် ဒီမော့ဆိုမြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့မှစ၍ ဒီမော့ဆိုမြို့၏ မြောက်ဘက်ခြမ်း ရွှေယောက်ရပ်ကွက်အတွင်းရှိ တောင်ငူလမ်းဆုံနှင့် အရှေ့တောင်ဘက် ပါဒေါဒူရွာတို့မှစ၍ လက်နက်ကြီးပစ်ကူများဖြင့် စနစ်တကျအဆင့်ဆင့်ခြေကုတ်ယူခဲ့ပြီး ၎င်းမှတစ်ဆင့် အကြမ်းဖက်သမားများ ခံစစ်ပြုလုပ်ထားသည့် မြို့တွင်းရှိ မြေပေါ်မြေအောက်ဘန်ကာများ၊ အထပ်မြင့်အဆောက်အဦများအပါအဝင် စာသင်ကျောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေရာ၊ ချက်ကျောင်းနှင့် ဆေးရုံနေရာတို့အား ခက်ခက်ခဲခဲဖြင့် စွန့်လွတ်စွန့်စားစွာ အချိန်ယူရှင်းလင်းတိုက်ခိုက်ခဲ့ရာ ဩဂုတ်လ(၇)ရက်နေ့တွင် ဒီမော့ဆိုမြို့၏ အရှေ့တောင်ဘက်ရှိပါဒိုးဒူကျေးရွာနှင့် ရှုးဖယ်ခူရပ်ကွက်အားလည်းကောင်း၊ ဩဂုတ်လ(၁၂)ရက်နေ့တွင် ရွှေယောက်ရပ်ကွက်အတွင်းရှိ ဆီဆိုင်နေရာအားလည်းကောင်း၊ ဩဂုတ်လ(၁၄)ရက်နေ့တွင် အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ မြို့နယ်ရဲစခန်း၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအားလည်းကောင်း၊ ဩဂုတ်လ (၁၅)ရက်နေ့တွင် ရွှေယောက်ရပ်ကွက်တစ်ခုလုံးနှင့် စည်ပင်သာယာရပ်ကွက်ရှိမြို့နယ်ခန်းမ၊ မြို့မရပ်ကွက်အတွင်းရှိ ချက်ကျောင်းနေရာများအားလည်းကောင်း၊ ယနေ့တွင် ဒီမော့ဆိုမြို့ တစ်ခုလုံးအားလည်းကောင်း တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ စစ်ဆင်ရေးကာလ (၁၆)ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ်(၂၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူထံမှ အလောင်း(၆)လောင်းနှင့် လက်နက်မျိုးစုံ(၅)လက်သိမ်းဆည်းရမိခဲ့ပြီး မိမိတို့ဘက်မှ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံး/ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် ဒီမော့ဆိုမြို့အား ယာယီထိန်းချုပ်ထားစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ ဆေးရုံ/ဆေးခန်းများနှင့် လူနေအိမ်များအား အကာကွယ်ယူ၍ ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ လူနေ/အိမ်အဆောက်အဦများအကြားနှင့် အများပြည်သူ သွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်း၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ ဆောင်ရွက်ခဲ့ရသည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက လွိုင်ကော်မြို့နှင့် ဒီမော့ဆိုမြို့တို့အား ဆက်သွယ်ထားသည့် လမ်းကြောင်းအား အပြီးတိုင်ဆက်လက်ရှင်းလင်းပေးခြင်းဖြင့် လွိုင်ကော်၊ ဒီမော့ဆို ဆက်သွယ်ရေးလမ်းမကြီးအား မကြာမီအချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ရုံး/ဌာန အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များအား ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အမြန်ဆုံးပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများအပါအဝင် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်/ပိတ်ဆို့ထားသည့် မြို့/ရွာများ၊ ဆက်သွယ်ရေးလမ်းကြောင်းများအား တပ်မတော်က “ရန်နိုင်မင်း” စစ်ဆင်ရေးဖြင့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ မေ ၁၅ ရက်နေ့တွင် ဆီဆိုင်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဟိုပုံး-ဆီဆိုင်-လွိုင်ကော် လမ်းကြောင်းအား မေလ ၂၉ ရက်နေ့တွင်လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့တွင် မိုးဗြဲမြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပင်လောင်း-ဆောင်းပြောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းကြောင်းအား ဇူလိုင် ၁၁ ရက်နေ့တွင်လည်းကောင်း၊ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်း ဒေသတစ်ခုလုံးအား ဇူလိုင် ၃၁ ရက်နေ့တွင်လည်းကောင်း ပြန်လည်ထိန်းချုပ်/ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယနေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် ဒီမော့ဆိုမြို့အား တပ်မတော်စစ်ကြောင်းများက အပြီးအပိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။