NUG အမည်ခံ အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများက အခြေခံပညာကျောင်းများအား လက်လုပ်မိုင်း၊ လက်ပစ်ဗုံးများဖြင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး၊ မုံရွာမြို့၊ စည်သာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးအား ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်
NUG အမည်ခံ အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများက အခြေခံပညာကျောင်းများအား လက်လုပ်မိုင်း၊ လက်ပစ်ဗုံးများဖြင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး၊ မုံရွာမြို့၊ စည်သာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးအား ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်
Ministry of Home Affairs/ နေပြည်တော် / June 07, 2022

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာ အသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ်အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
သို့ရာတွင် NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက် သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေး လာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက် အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံး စာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့်နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေး ကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၄ ရက်နှင့် ၅ ရက်တို့၌ PDF အမည်ခံအကြမ်းဖက် သမားများက မြို့နယ်အချို့ရှိ အခြေခံပညာအထက်တန်းကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျောင်းအုပ်ဆရာမကြီးတစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၃ ရက်နေ့ ည ၈ နာရီခန့်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်မြို့၊ (၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းအား ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဇွန်လ ၄ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါစာသင်ကျောင်းဝင်း အတွင်းရှိ ၂ ထပ် စာသင်ဆောင်ဘေး ပေ ၃၀ ခန့်အကွာ မြတ်ခင်းပေါ်၌ CNA/CDF အမည်ခံ အကြမ်းဖက်သမားများက PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံး ဖောက်ခွဲထားသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အလားတူ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ၊ (၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း အရှေ့ခြံစည်းရိုးအပြင်ဘက်၌ အကြမ်းဖက်သမားများက လက်လုပ်မိုင်း သုံးလုံးထောင်ကာ ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
ထို့အတူ ယနေ့နံနက် ၈ နာရီခန့်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ အမှတ်(၂)ရပ်ကွက် ရှိ အခြေခံပညာအထက်တန်းကျောင်းအား အကြမ်းဖက်သမားများက မိုင်း(စိစစ်ဆဲ)ဖြင့် ဖောက်ခွဲဖျက်ဆီး ခဲ့ရာ ကျောင်းခြံစည်းရိုးအုတ်တံတိုင်း နှစ်ပေခန့်ပွင့်ထွက်ကာ ခြံစည်းရိုးအနီးရှိ စတိုခန်း၏ အမိုးသွပ် သုံးချပ်၊ မျက်နှာကြက်၊ တံခါးမကြီးနှင့် ပြတင်းတံခါးမှန်များ ခန့်မှန်းတန်ဖိုး ၃၅ သိန်းကျပ်ခန့် ထိခိုက် ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
ထို့အပြင် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာ-အရာတော်ကားလမ်းဝဲဘက် ရွာတုံကျေးရွာလမ်းခွဲထိပ်၌ အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်နေ စည်သာကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးမြတ်အေး (၄၄)နှစ် (ဘ)ဦးရန်ရှင်းအား ရင်ညွန့်ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ဝဲလက်မောင်း ထိုးသွင်းဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သတင်းရရှိသည်။


သံတောင်ကြီးမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခြံစည်းရိုးအနီး၌ အကြမ်းဖက် သမားများ၏ မိုင်းဖောက်ခွဲမှုကြောင့် ပျက်စီးခဲ့မှု မှတ်တမ်းဓာတ်ပုံ။

စည်သာကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးအား PDF အမည်ခံ အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ။
