“မြတ်မောင်” စိန်ရွှေရတနာဆိုင်အား ဓားပြတိုက်လုယက်ခဲ့သည့် တွံတေးမြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်း၊ ရွှေထည်ပစ္စည်းများနှင့်အတူ ၅ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

“မြတ်မောင်” စိန်ရွှေရတနာဆိုင်အား ဓားပြတိုက်လုယက်ခဲ့သည့် တွံတေးမြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်း၊ ရွှေထည်ပစ္စည်းများနှင့်အတူ ၅ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ


ကာကွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / June 22, 2023


၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်တွင် အကြမ်းဖက်သမား (စိစစ်ဆဲ)ကျား ၃ ဦးမှ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်၊ မေဒါဝီလမ်းရှိ “မြတ်မောင်” စိန်ရွှေရတနာဆိုင်ရှိ ဧည့်ကြိုဝန်ထမ်း ၂ ဦးအား သေနတ်ဖြင့် ခြိမ်းခြောက်၍ ရွှေဆိုင်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ (ကာလတန်ဖိုး ငွေကျပ်သိန်း ၁၆,၆၀၀ ခန့်)တို့အား သေနတ်ပြခြိမ်းခြောက်ဓားပြတိုက်လုယက်ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

တရားမျှတမှုကိုလိုလားပြီး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ မျက်မြင်သတင်းပေးပို့ချက်များနှင့် မြေပြင်သတင်းစုံစမ်းရရှိချက်များအရ ဇွန်လ ၁၈ ရက်တွင် ဓားပြတိုက်လုယက်သူများသည် ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနောက်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းရှိ “အကယ်ဒမီ” ဟိုတယ်၌ ရောက်ရှိခိုအောင်းနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ တရားခံကိုကို အောင်၊ ၎င်းနှင့်တရားမဝင် ပေါင်းသင်းနေသူ ပပလှိုင်တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံ ကိုကိုအောင်၏ ထွက်ဆိုချက်အရ-

· ရွှေဆိုင်ဓားပြတိုက်ရာတွင်ပါဝင်ခဲ့သော တရားခံများဖြစ်သည့် ကောင်းထက်စံ (ခ) တရုတ်ကြီး၊ ကျော်ဇင်လတ်၊ ကောင်းမြတ် (ခ) Blank၊ ဖြိုးကိုကိုနှင့် ကျော်ဇင်ဝေတို့အား M4A1 သေနတ် ၂ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ 91 လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ 9 MM Luger ကျည် ၂၁၀ တောင့်၊ ဓားပြ တိုက်လုယက်ရာမှ ယူဆောင်သွားခဲ့သော ရွှေထည်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့။

· ရွှေဆိုင်ဓားပြတိုက်ရာတွင် ပါဝင်ခဲ့သော တရားခံများဖြစ်သည့် စောဂျိုးဇက် (ခ) ချိုတိုးနှင့် ထွန်းထွန်းနိုင်တို့အား M-16 ၁ လက်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့။

ဖြစ်စဉ်တွင် တရားခံ ကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့အား M-4A1 သေနတ် ၂ လက်၊ M-16 ၁ လက်၊ Sig Sauer   ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ 91 လက်ပစ်ဗုံး ၂ လုံး၊  ၅.၅၆ ကျည် ၃၄၀ တောင့်၊ 9MM Luger ကျည် ၂၁၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများအား ဖြစ်စဉ်ဖြစ်ပွားပြီး ၅ နာရီအတွင်း အကြမ်းဖက်မှုကိုမလိုလားသည့် တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့/ညမပြတ် အရှိန်အဟုန်မြှင့်စစ်ဆေးရှာဖွေမှုများကြောင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်

ထပ်မံ၍ ဖမ်းဆီးရမိသူများ၏ စစ်ဆေးဖော်ထုတ်    ချက်အရ-

· တရားခံ ဖြိုးကိုကို၊ ကိုကိုအောင်၊ ကောင်းမြတ်၊ ကျော်ဇင်ဝေနှင့် ကောင်းထက်စံတို့ ၅ ဦးသည် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများအား အသီးသီးတက်ရောက်ခဲ့ပြီး တွံတေးမြို့ပြ ပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့အား ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန်     အတွက်  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဖမ်းဆီးရန်ကျန် တရားခံ ဆံရှည်(ခ)ကိုထက်နှင့် ချမ်းမြေ့အောင်တို့မှ    ခေါင်းဆောင်၍ ကိုကိုအောင်၊ ဖြိုးကိုကို၊ ကောင်းမြတ်၊ ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်၊ ကောင်းထက်စံ အပါအဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းခဲ့။

· ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တွံ့တေးမြို့နယ်နှင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်၊ ဓားပြတိုက်လုယက်မှုများပြုလုပ်ရန်အတွက် M4A1 သေနတ်  ၂ လက်၊ M-16 သေနတ် ၁ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ ၉ မမ Luger ကျည် ၃၀၀ တောင့်တို့အား ဖမ်းဆီးရန်ကျန် တရားခံ ဆံရှည်(ခ)ကိုထက်၏ ချိတ်ဆက်ပေးမှုဖြင့် ဖြိုးကိုကိုမှ တွံ့တေးမြို့နယ်၊ ညောင်တံခါးကျေးရွာအနီးတွင် ဖမ်းဆီးရန်ကျန်တရားခံ ချမ်းမြေ့ထံမှ ၂ ကြိမ်ခွဲ၍ သွားရောက်ယူဆောင်ခဲ့။

ဖမ်းဆီးရန်ကျန် တရားခံ တွံတေးမြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဆံရှည်(ခ)ကိုထက်နှင့် ချမ်းမြေ့အောင်တို့၏ ခိုင်းစေမှုဖြင့် တွံ့တေးမြို့နယ်နှင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှု (၁၀)ကြိမ်၊ ဓားပြတိုက်လုယက်မှု(၃)ကြိမ်တို့ ဆောင်ရွက်ခဲ့ရာ-

· ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်တွင် ဖြိုးကိုကိုသည် တွံတေးမြို့နယ်၊ တလုတ်ထော်အောက်ကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဦးနှင့် ဇနီးဖြစ်သူတို့အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကို အောင်မှ အခြေအနေကြည့်ရှုပေးခဲ့။

· မတ်လ ၁၀ ရက်တွင် ဖြိုးကိုကိုနှင့် ကိုကိုအောင်တို့ ၂ ဦးသည် တွံတေးမြို့နယ်၊ ရွှေဆံတော်ရပ်ကွက် ရာအိမ်မှူး ဦးကြည်လေးအားလည်းကောင်း၊  မတ်လ ၁၃ ရက်တွင် တွံတေးမြို့နယ်၊ ကျိုက်ထော်-ကညင်ငူ ကားလမ်းတွင် အပြစ်မဲ့ပြည်သူ ဒေါ်ခင်မိုးသူအားလည်းကောင်း ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကောင်းမြတ်မှ အခြေအနေကြည့်ရှုပေးခဲ့။

· ဩဂုတ်လ ၁ ရက်တွင် ဖြိုးကိုကိုသည် တွံတေးမြို့နယ်၊ ဘီခိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းအား ဒလန်ဟု စွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကိုအောင်နှင့် ကောင်းမြတ်တို့ ၂ ဦးမှ အခြေအနေကြည့်ရှုပေးခဲ့။

· ဩဂုတ်လ ၂၂ ရက်တွင် ဖြိုးကိုကို၊ ကောင်းမြတ်နှင့် ကိုကိုအောင်တို့ ၃ ဦးသည် တွံတေးမြို့နယ်၊ မြကန်သာကျေးရွာလမ်းဆုံ၌ ဇီးဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်ညွှန့်အပါ ၆ ဦးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကျော်ဇင်ဝေ၊ ကျော်ဇင်လတ် နှင့် ကောင်းထက်စံတို့ ၃ ဦးမှ အခြေအနေကြည့်ရှုပေးခဲ့။

· အောက်တိုဘာလ ၈ ရက်တွင် ဖြိုးကိုကိုနှင့် ကောင်းမြတ်တို့ ၂ ဦးသည် တွံတေးမြို့နယ်၊ မယ်ပြေကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးထွန်းထွန်းနှင့် ဇနီးဖြစ်သူတို့အား ဒလန်ဟု  စွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကိုအောင်မှ အခြေအနေ ကြည့်ရှုပေးခဲ့။

· နိုဝင်ဘာလ ၅ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ်တို့ ၃ ဦးသည် တွံတေးမြို့နယ်၊ သမ္ဗာန်ဆိပ်ကျေးရွာတွင် အပြစ်မဲ့ပြည်သူ ဦးသိန်းဇော်အပါ ၅ ဦးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်နှင့် ကောင်းထက်စံတို့ ၃ ဦးမှ အခြေအနေကြည့်ရှုပေးခဲ့။

 

 

· နိုဝင်ဘာလ ၆ ရက်တွင် ဖြိုးကိုကိုနှင့် ကိုကိုအောင်တို့ ၂ ဦးသည် တွံတေးမြို့နယ်၊ လာကပုံကျေးရွာတွင် အပြစ်မဲ့ပြည်သူ ဦးတိုးမင်းထိုက်နှင့် ဇနီးဖြစ်သူတို့အား ဒလန်ဟု စွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကောင်းမြတ်မှ အခြေအနေ ကြည့်ရှုပေးခဲ့။

· ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ်တို့ ၃ ဦးသည် တွံတေးမြို့နယ်၊ ကပင်ကြီးကျေးရွာရှိ အပြစ်မဲ့ပြည်သူ မစန်းပပအောင်၏နေအိမ်အား ဓားပြတိုက်လုယက်၍ သတ်ဖြတ်မှုကျူးလွန်ရာတွင် ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်နှင့် ကောင်းထက်စံတို့ ၃ ဦးမှ အခြေအနေကြည့်ရှုပေးခဲ့။

မတ်လ ၄ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်း မြတ်တို့ ၃ ဦးသည် တွံတေးမြို့နယ်၊ ပေါက်ကုန်းကျေးရွာ

· အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ရာအိမ်မှူး ဦးသန်းလွင်တို့ ၂ ဦးအား ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကောင်းထက်စံမှ အခြေအနေကြည့်ရှုပေးခဲ့။

· ဧပြီလ ၁၀ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ်တို့ ၃ ဦးသည် တွံတေးမြို့နယ်၊ မယ်ပြေကျေးရွာရှိ ဦးထွန်းထွန်းဦး၏နေအိမ်အား သေနတ်ပြခြိမ်းခြောက်၍ ဓားပြတိုက်လုယက်ရာတွင် ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်နှင့် ကောင်းထက်စံတို့ ၃ ဦးမှ အခြေအနေကြည့်ရှုပေးခဲ့။

· ဇွန်လ ၁၈ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ်တို့ ၃ ဦးသည် မြောက်ဥက္ကလာပမြို့နယ်ရှိ “မြတ်မောင်” စိန်ရွှေ ရတနာဆိုင်အား သေနတ်ပြ ခြိမ်းခြောက်၍ ဓားပြတိုက်လုယက်ရာတွင် ကောင်းထက်စံ၊ ကျော်ဇင်လတ်နှင့် ကျော်ဇင်ဝေတို့ ၃ ဦးမှ အခြေအနေကြည့်ရှုပေးခဲ့။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ၎င်းတို့နှင့်ထိုက်တန်သည့် ပြစ်ဒဏ်များအား ဥပဒေအတိုင်း ထိရောက်စွာ    အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး     အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

 

(မြဝတီသတင်းစာ ၂၁-၆-၂၀၂၃)

 

HOT NEWS
January 4,