YPS စက်မဖွင့်သော YBS ယာဉ်များအား သက်ဆိုင်ရာယာဉ်လိုင်းများနှင့် ပူးပေါင်းကာ ချက်ချင်းစစ်ဆေးပြင်ဆင်ပြီးအရေးယူပေးနေ
YPS စက်မဖွင့်သော YBS ယာဉ်များအား သက်ဆိုင်ရာယာဉ်လိုင်းများနှင့် ပူးပေါင်းကာ ချက်ချင်းစစ်ဆေးပြင်ဆင်ပြီးအရေးယူပေးနေ
Ministry of Information/ Naypyitaw / January 24, 2024

ရန်ကုန် ဇန်နဝါရီ ၂၃
YPS ကတ်ဖြင့် ပေးချေအသုံးပြုနိုင်သည့် YBS ယာဉ်လိုင်းများတွင် စက်မဖွင့်ထားပါက ကားနံပါတ်နှင့် ယာဉ်အမှတ်ကို ပေးပို့အကြောင်းကြားလျှင် သက်ဆိုင်ရာယာဉ်လိုင်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ ချက်ချင်းစစ်ဆေးပြင်ဆင်အရေးယူပေးနေကြောင်း Yangon Payment Service-YPS ထံမှ သိရသည်။ ခရီးသည်တစ်ဦးက YBS ယာဉ်လိုင်းအချို့ စက်ပိတ်ထားမှုနှင့်ပတ်သက်၍ Yangon Payment Service-YPS ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာထက်တွင် စစ်ဆေးပေးရန် မှတ်ချက်ပြုထားသည့်အပေါ် အထက်ပါအတိုင်းဖြေကြားပေးထားခြင်းဖြစ်သည်။
“YPS ကတ်ဖြင့် ပေးချေအသုံးပြုနိုင်တဲ့ YBS ယာဉ်လိုင်းများ စက်မဖွင့်ထားတာတွေကိုလည်း သက်ဆိုင်ရာယာဉ်လိုင်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ ကားနံပါတ်နှင့်ယာဉ် အမှတ်မှတ်ခဲ့ပေးရင် ချက်ချင်းစစ်ဆေး ပြင်ဆင်ပြီး အရေးယူပေးပါတယ်” ဟု ရေးသားဖြေကြားထား ခြင်းဖြစ်သည်။
Yangon Payment Service -YPS နှင့် ပတ်သက်၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ရရှိနိုင်ရန် ကြိုးစားဆောင်ရွက်ပေးသွားမည်ဟု Yangon Payment Service-YPS က ဖြေကြားရာတွင်ထည့်သွင်းရေးသားထားသည်။ လက်ရှိတွင် YBS ယာဉ်စီးသူများအနေဖြင့် ယာဉ်စီးခနှင့်ပတ်သက်၍ အခက်အခဲမဖြစ်စေရန် YPS Card ကိုအသုံးပြုနိုင်သကဲ့သို့ မိုဘိုင်းဖုန်းဖြင့် စကင်ဖတ်ကာ ငွေပေးချေနိုင်မည့် YPS QR Code ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
YPS QR Code ကို ဇန်နဝါရီ ၁၁ ရက်က YBS 13, YBS 55, YBS 57 ယာဉ်လိုင်းတွင်လည်းကောင်း၊ ဇန်နဝါရီ ၁၈ ရက်က YBS 63 ယာဉ်လိုင်းတွင်လည်းကောင်း၊ ဇန်နဝါရီ ၁၉ ရက်က YBS 42, YBS 65 တွင်လည်းကောင်း၊ ဇန်နဝါရီ ၂၀ ရက်က YBS 22, YBS 64 ယာဉ်လိုင်းတွင်လည်းကောင်း၊ ဇန်နဝါရီ ၂၂ ရက်က YBS 111, YBS 133, YBS 134 တွင်လည်းကောင်းအသုံးပြုနိုင်ပြီဖြစ်သည်။
MT