မွန်တို့ဌာနီ ရာမညတိုင်းဆီသို့

Ministry of Cooperatives and Rural Development | Sep 16, 2024

နှစ်ပေါင်းနှစ်ဆယ်ကျော်က သံယောဇဉ်တွေ

          ဆရာနီမင်းဆွေကတော့ နွေနှစ်ဆယ်အလွမ်း ဝတ္တုတိုလေးကို ရေးခဲ့ဖူးသည်။ ဆရာ နီမင်းဆွေဆိုသည်မှာ အခြားသူမဟုတ်ပါ။ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့ဖူးသော နတလ ဦးစီးဌာနကို ၁၉၉၈ ခုနှစ်လောက်မှာ ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့လာသော ဒုတိယဗိုလ်မှူးကြီးမြင့်ဆွေ ဖြစ်ပါသည်။ Living Together အရေး အသားများကို ထိထိမိမိတုံ့ပြန်တိုက်ဖျက်ခဲ့သော “တောင်ဆီမှာမိုးတွေသည်းပါလို့” ဝတ္တုဖြင့် စာပေလောကကို ကိုင်လှုပ်ခဲ့သူ ဆရာနီမင်းဆွေဖြစ်ပါသည်။ နတလမှ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ၏ ကျောင်းအုပ်ကြီး တာဝန်ကို ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည်။ လက်ရှိဖြစ်ပေါ်ခံစားနေရသော ကျွန်တော့် အလွမ်းကမူ ဆရာနီမင်းဆွေ ရေးခဲ့သောဝတ္တုထဲကလိုမျိုးတော့ မဟုတ်တာ သေချာသည်။ သို့သော် ဆရာကြီးလယ်တွင်းသားစောချစ် စာပေဟောပြောပွဲမှာ ဟောခဲ့ပြောခဲ့သလိုပင် ဘာပဲဖြစ်ဖြစ်လွမ်းတယ်ဗျာ ဟူ၍………….။

          မကြာသေးသော မေလ ၂၅ ရက်နေ့မှာ ကျွန်တော် ကရင်ပြည်နယ် ဘားအံမြို့ကို ရောက်ခဲ့သည်။ ကျွန်တော်တို့ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များဖြစ်သော Contract Farming စနစ်ဖြင့် ဆောင်ရွက်နေသည့် ထီလုံကျေးရွာမှ တောင်သူများနှင့်တွေ့ဆုံခြင်း၊ ဘားအံမြို့ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခြင်း၊ ခေတ်မီစံပြကျေးရွာ (SMART Village) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသော ထုံးအိုင်ကျေးရွာသို့ သွားရောက်ခြင်း၊ မိမိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဝန်ထမ်းများနှင့်တွေ့ဆုံကာ မှာကြားခြင်းများ ပြုလုပ်ပြီး ကရင် ပြည်နယ်မှ မွန်တို့ဌာနီ ရာမညသို့ ကူးခဲ့သည်။ ခေတ်မီစံပြကျေးရွာ (SMART Village) တည် ဆောက်ပေးနေသော ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာသို့ အရင်ဝင်သည်။ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်အပြီးမှာ ကျွန်တော်က ထုံးစံမပျက် တစ်ခြားဘာလို သေးလဲဟု မေးခဲ့သည်။ စာကြည့်တိုက်အတွက် စာအုပ်တွေ လိုချင်ပါသည်…………..တဲ့။  Facebook ကို ဘဝထင်နေသော ကာလကြီးမှာ စာအုပ် ဖတ်ချင်သည်ဆိုတော့ကား ကျွန်တော် အလွန်ဝမ်းသာသွားသည်။ မော်လမြိုင်နှင့် သထုံကြား ခရီးသွားနေရင်းဖြင့်ပင် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ အဘဦးညွန့်ဆွေ (ဒုတိယဝန်ကြီး(ငြိမ်း) နိုင်ငံခြားရေးဝန်ကြီးဌာန) ထံလှမ်း၍ တင်ပြလိုက်သည်။ ကျွန်တော့်ဌာနက မွန်ပြည်နယ် သမဝါယမဦးစီးဌာနမှူးရုံး၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးကိုယ်တိုင် ရန်ကုန်သို့ စနေနေ့ ရောက်ပါမည်။ ရုံးပိတ်ရက်ဖြစ်နေ၍ စာအုပ်များ ထုတ်ယူခွင့်ရရှိရေး ကူညီညွှန်ကြားပေးပါ ဟူ၍။ အဘကလည်း လာသာလာခဲ့ပါ။ ရုံးအဖွဲ့မှူး ဦးအုန်းထွန်းကို မှာထားပေးမည်ဟု ဆိုပါသည်။

          လုပ်ငန်းအားလုံး အဆင်ပြေခဲ့ပါ၏။ သေချာမေးကြည့်တော့မှ ဆရာဦးအုန်းထွန်းက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ တာဝန် ထမ်းဆောင်ခဲ့သူ။ သူနှင့်ဖုန်းပြောနေရင်း ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်း ထောင့်ရှိ ပြန်/ဆက်ရုံးလေးက ကျွန်တော့်အာရုံမှာ ပြက်ပြက်ထင်ထင်ပေါ်လာသည်။ ထိုအချိန်မှာ ကျွန်တော်က နတလ၏ ပြန်ကြားရေးလုပ်ငန်း ကိစ္စအဝဝကို ဆောင်ရွက်နေသူ၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့ ပြခန်းများဆိုင်ရာ အစည်းအဝေးများ တက်ရင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သိန်း၊ ဗိုလ်မှူးချုပ် ကျော်ဆန်း (ဝန်ကြီး-ငြိမ်း) တို့နှင့် ရေစက်ဆုံခဲ့သလို ပြန်/ဆက် ညွှန်ကြားရေးမှူးချုပ် ဆရာဦးချစ်နိုင် (စိတ်ပညာ) (ယခု ပြည်ထောင်စုဝန်ကြီး) နှင့်လည်း ဆုံခဲ့ရ၏။ ဓာတ်ပုံကူးယူရာမှာတော့ ဆရာဦးလှအေးနှင့် သူ့တပည့်မ မစိမ်းလဲ့တို့ထံ ဆက်သွယ်ရသည်။ မစိမ်းလဲ့က ယခုကမာရွတ်မြို့နယ် ပြန်/ဆက် ဦးစီးမှူး တာဝန်ယူထားကြောင်း ကြားရသည်။ ၁၉၉၈ ခုနှစ် ဟားခါးကျောင်းသား အားကစားပွဲတော် ကတည်းက ရေစက်ဆုံခဲ့သည့် ဦးခင်ငြိမ်းကြီးလည်း ဝေဘာဂီမှာ ရှိနေကြောင်းသိရသည်။ သတင်းနှင့်စာနယ်ဇင်းကောင်စီဝင် ဦးတင်မောင်ဦး(ကြို့ပင်ကောက်) နှင့်တော့ အဆက်အသွယ်မပြတ်ခဲ့ပါ။ မည်သူကိုမှ ငှားခွင့်မပြုခဲ့သော ဖလင်တွေကို တာဝန်ယူ ခေတ္တငှားရမ်းပေးခဲ့သည့် မနုနုစိန်ကိုလည်း သတိရမိပါသည်။ သူတို့ဆီမှာ ၈” x ၁၀” ပုံပဲ ကူး၍ရသဖြင့် ၁၆” x ၂၀” ပုံကြီးကူးလိုလျှင် သူ့ဆရာမသိအောင် ဖလင်ငှားရ ပါတော့သည်။ ကျေးဇူးတင်ရပါသည် မနုနုစိန်ရေ။

          ထိုစဉ်က ဝါရင့်ဓာတ်ပုံဆရာများဖြစ်သော ကိုအောင်တင်၊ ကိုသန်းအောင်၊ ကိုခင်မောင်ကျော်တို့အဖွဲ့၊ လူငယ်ရိုက်ကူးရေးသမားများဖြစ်ကြသည့် ကိုကျော်ဆွေမိုး၊ ကိုမိုးမင်းလှိုင်တို့အဖွဲ့နှင့်လည်း ခင်မင်ခွင့်ရခဲ့သည်။ စိတ်မကောင်းဖြစ်ရသည်ကတော့ ကိုသန်းအောင်နှင့် မိုးမင်းလှိုင်တို့ ကွယ်လွန်သွားကြပြီဆိုသည့် သတင်းကို ကြားလိုက်ရ၍ပင်။ မိုးမင်းလှိုင်ကား အခြားသူမဟုတ်ပါ။ ကကပြည် ကကနယ်မှာ ရေစက်ဆုံခဲ့သည့် ပျဉ်းမနား ကိုမြင့်လှိုင်ကြီး၏ သားဖြစ်သည်။ နောင်တော် ပျဉ်းမနားကြီးသည် ဝတ္တုကဗျာပေါင်းများစွာ၊ သီချင်းပေါင်းများစွာကို ထုဆစ်ခဲ့သူဖြစ်၏။ သူ၏ အနုပညာလက်ရာများစွာထဲက ကျွန်တော် အကြိုက်ဆုံး သီချင်းတစ်ပုဒ်မှာ “ခရေပင်အောက်က ပိတောက်ချစ်သူ” ဖြစ်သည်။ ပျဉ်းမနား ကြီးကား ကွယ်လွန်ခဲ့လေပြီ၊ သူ၏သီချင်းလေးများက လွင့်ပျံ့နေဆဲ။ သံယောဇဉ်စကား ဆက်ရလျှင် ကကပြည်မှ ဆရာတင်သန်းဦး၊ ကိုမြသန်းစံ၊ ကကနယ်မှ ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ဗိုလ်မှူးဒေါ်ခင်မျိုးနွယ်နှင့် လုပ်ဖော်ကိုင်ဘက်များအထိ ရောက်သွားပေ တော့မည်။ ရပ်ဦးမှ။

ချောင်းဆုံကို ရောက်ခဲ့သည်

          ချောင်းဆုံဟု ဆိုလိုက်သည်နှင့် စာအကြောင်းပေအကြောင်း၊ စာအုပ်တွေအကြောင်း ပါလာပေဦးတော့မည်။ ငယ်စဉ်က ဖတ်ဖူးသော ဝတ္တုတွေထဲမှာ ဆရာချောင်းဆုံချစ်နွယ်၏ ဝတ္တုများလည်းပါခဲ့သည်။ ကာလကြာမြင့်ပြီဖြစ်၍ စာအုပ်နာမည်များကိုတော့ဖြင့် မမှတ်မိ တော့ပါ။ သို့သော် တစ်ချို့စာအုပ်တွေမှာ ကြော်ငြာသဘောမျိုး ရေးသားထားသည့် ချောင်းဆုံ က ချစ်နွယ်၊ အကြောင်းဆုံမှ ဖြစ်မယ် ဆိုတာလေးကိုမူ ယနေ့တိုင် သတိရနေဆဲ။ ကျွန်တော် သည် ယခင်က ချောင်းဆုံမြို့ တည်ရှိရာ ဘီလူးကျွန်းသို့ မရောက်ဖူးပါ။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များဖြင့် ကျွန်တော်မြင့်စိုး(နတလ)သည် လည်း ချောင်းဆုံနှင့် အကြောင်းဆုံခွင့် ရခဲ့ပါသည်။ မေလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာသို့ ရောက်ရှိခဲ့ကြသည်။ ရောက်ရသည့်အကြောင်းရင်း ကတော့ တောင်စွန်းကျေးရွာ မျိုးစေ့ထုတ်သမဝါယမအသင်းမှ တောင်သူများသို့ သွင်းအားစု ဓာတ်မြေဩဇာများ ဝယ်ယူပံ့ပိုးပေးနိုင်ရန်အတွက် အရင်းမပျောက် မတည်ငွေပေးအပ်ရန် ဖြစ်ပါသည်။ တောင်စွန်းမျိုးစေ့ထုတ်သမဝါယမအသင်းမှ တောင်သူ (၂၅) ဦးသည် စိုက်ဧက (၉၂) ဧက၌ ပေါ်ဆန်းရင် မျိုးစပါးများ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ မွန်ပြည်နယ်သမဝါယမ ဦးစီးဌာန ခွင့်ပြုရန်ပုံငွေမှ ငွေကျပ် သိန်း (၈၀) ကို ပေးအပ်ခဲ့ပါသည်။ မတည်ငွေပေးအပ်ပွဲ အခမ်းအနားအပြီးတွင် စိုက်ပျိုးထားသော မျိုးစေ့စိုက်ခင်းများကို ကြည့်ရှုခဲ့ကြသည်။

တောင်စွန်းမှ မုနိုင်းကျေးရွာသို့

          ချောင်းဆုံမြို့နယ်ထဲမှာ တောင်စွန်းကျေးရွာနှင့် မုနိုင်းကျေးရွာတို့သည် မဝေးလှပါ။ ဥပမာတင်စားရလျှင် တစ်ခေါ်သာသာ အကွာအဝေးမျှသာတည်း။ မိုင်ဝက်ခန့်သာ ရှိပါလိမ့် မည်။ တောင်စွန်းက အိမ်ခြေ (၃၀၀) ခန့်ရှိပြီး မုနိုင်းမှာ အိမ်ခြေ (၂၀၀) ခန့်ရှိပါသည်။ မုနိုင်း ရွာနှင့် တောင်စွန်းရွာသည် ရှေးပဒေသရာဇ်ခေတ်က ဘီလူးကျွန်းမြို့စား အခြေချနေထိုင် ခဲ့သည့် ရွာညီနောင်ဖြစ်ကြောင်း၊ ထိုရွာများမှနေ၍ ဘီလူးကျွန်းအရှေ့ခြမ်း ကျေးရွာများကို စီရင်အုပ်ချုပ်ခဲ့ကြောင်း သိရသည်။ မုနိုင်းရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရှိသည်။ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ စီမံကိန်းလည်ပတ်ငွေထဲမှ တိုးပွားလာသော ငွေ ၁၂၇ သိန်းနှင့် ပြည်သူ့ထည့်ဝင်ငွေ ၈၈၀၀၀၀/- စုစုပေါင်း ၁၃၅၈၀၀၀၀/- ကို သုံးစွဲ၍ ကျေးရွာတွင်းလမ်း ၂၇၃၃ ပေအား ကတ္တရာရေပိတ်လွှာ ခင်းနိုင်ခဲ့ပါသည်။ ယင်းလုပ်ငန်းဆောင်ရွက်နိုင်မှုအတွက် မုနိုင်းကျေးရွာသူ ကျေးရွာသားများအား တွေ့ဆုံအားပေးခဲ့သည်။ ကတ္တရာလမ်းကိုလည်း လိုက်လံကြည့်ရှု အားပေးခဲ့ပါသည်။

ရှေးဟောင်းသမိုင်းဝင် ကျိုက်မုနိုင်းစေတီတော်

          ရွာကိုရောက်နေမှတော့ ကျိုက်မုနိုင်းစေတီကို ဖူးဖြစ်အောင် ဖူးသွားပါဦးဟု ရွာသူ ရွာသားများက ဖိတ်မန္တကပြုကြသည်။ ကိုယ်တိုင်ကလည်း ဖူးချင်နေသည်မို့ အရောက်သွား၍ ဖူးခဲ့ကြသည်။ ကျိုက်မုနိုင်းစေတီတော်ကြီးသည် မုနိုင်းရွာနှင့်မနီးမဝေး၊ သံလွင်မြစ်ကမ်း နံဘေးက တောင်ကုန်းငယ်လေးပေါ်တွင် တင့်တယ်သပ္ပါယ်စွာ စံနေတော်မူလေသည်။ မွန်ဘာသာအရ “ကျာ်မုဟ်နာ်” ဟု ရေးထိုးပြီး မြန်မာဘာသာအရမူ “ကျိုက်မုနိုက်” ဟု အသံ ထွက်ကြောင်း ကြားသိခဲ့ရသည်။ ကျိုက်ဆိုသည်မှာ ဘုရားစေတီ၊ မုဆိုသည်က အငူအစွန်း၊ နိုက်ကမူ နဂါးဟု အဓိပ္ပာယ်ရသောကြောင့် အားလုံးစုပေါင်းခေါ်ဝေါ်ရသော် နဂါးအငူအစွန်း တွင် တည်ထားသောစေတီဟူ၍လည်းကောင်း၊ နဂါးအငူအစွန်းဘုရား ဟူ၍လည်းကောင်း လူသိများ ထင်ရှားကျော်ကြားခဲ့၏။ အချို့ကလည်း မုဟ်မှာ နှာခေါင်းကို ခေါ်သည်ဖြစ်၍ နဂါးနှာခေါင်းဘုရားဟုလည်း သတ်မှတ်ကြသည်။ ပင်လယ်ရေပြင်သို့ ရှည်မျောမျော ပုံသဏ္ဍာန် ထိုးထွက်နေသော ကျောက်တောင်အစွန်းပေါ်မှာ စေတီကိုတည်ထားပြီး ယင်း ကျောက်တောင်စွန်းသည် နဂါးတစ်ကောင်၏ ဦးခေါင်းပိုင်းနှင့်တူသောကြောင့် “ကျိုက်မုနိုက်” စေတီဟု ခေါ်ဝေါ်သမုတ်ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။ ကျိုက်မုနိုက်စေတီပွဲတော် ကို နှစ်စဉ် သီတင်းကျွတ်လဆုတ် ၄ ရက်၊ ၅ ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက်ရှိပါသည်။

          ရှေးအခါက လူနေစည်ကားသော ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်ခဲ့၍ “မုဟ်နာ်” မြို့ဟု ထင်ရှားခဲ့သည်။ နောင်ကာလရွေ့လျားလာသောအခါ မုနိုက် ဆိုသော မြန်မာအသံထွက်မှ မုနိုင်းသို့ ပြောင်းလဲသွားခြင်းဖြစ်ကြောင်းလည်း သိခွင့်ရခဲ့ပါသည်။ မုနိုင်းရွာသည် ရှေးက ဆိပ်ကမ်းမြို့လေးဖြစ်ခဲ့သည် ဆိုခြင်းကို အကြွင်းမဲ့ ယုံကြည်မိပါသည်။ အကြောင်းမှာ ယခု တည်ဆောက်ထားသော သံလွင်တံတား (ချောင်းဆုံ) ပေါ်ပေါက်မလာမီက မုနိုင်းကျေးရွာ ဆိပ်ကမ်းသည် ဘီလူးကျွန်းဒေသတစ်ခုလုံး၏ ကုန်စည်တင်ပို့သယ်ဆောင်ရာ အရေးပါသော ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း သိခဲ့ရ၍ပါတည်း။ ကျိုက်မုနိုင်းစေတီတော်ကြီးအနီး သံလွင်မြစ် ကမ်းနံဘေးမှ လှမ်းမျှော်ကြည့်လိုက်လျှင် မုတ္တမတံတားကြီးနှင့် မော်လမြိုင်တံတားကြီးများ ကို မှိုင်းပျပျ လှမ်း၍မြင်နေရပါသည်။

ထန်းပင်တန်းကို လွမ်းခဲ့သည်

          ကရင်ပြည်နယ် ဘားအံမြို့မှ ဇာသပြင်လမ်းဆုံသို့ ထွက်၍ ထိုမှ မွန်ပြည်နယ်ထဲက ကျိုက်မရောမြို့ သွားရောက်ခဲ့သော ခရီး၌ ငယ်စဉ်က ကုန်သွယ်ရေးထုတ် Writing Pad စာအုပ် မျက်နှာဖုံးမှာပါသည့် ထန်းပင်တန်းလေးကို တွေ့ခဲ့ရသည်။ ရှေးလူတွေသိကြ မှတ်မိ ကြမည်ဖြစ်သော်လည်း ခေတ်လူငယ်တွေကတော့ မြင်ဖူးကြမည်မဟုတ်တော့ပါ။ မမြင်ဖူးရုံမျှ မက စာရေးသောခေတ်၊ စာတိုက်မှ စာပို့သောခေတ် မဟုတ်တော့ဘဲ ဖုန်းနှင့် မှာသော ပြောသောခေတ်၊ Messenger၊ Viber က စာတွေပို့သောခေတ် ဖြစ်ပါသည်။ ပို၍အဆင့်မြင့်သူ များက Page တွေ Instagram တွေသုံးသောခေတ် ဖြစ်ပါသည်။ ကျွန်တော့်ကို တောသားဟု ပြောလိုက ပြောကြပါစေတော့၊ တစ်ချိန်က သုံးခဲ့ဖူးသည့် ထန်းပင်တန်းမျက်နှာဖုံးလေးပါ Writing Pad စာအုပ်လေးနှင့် စာရေးခဲ့ရသည့် အရသာကို တမ်းတမ်းတတ လွမ်းနေမိ ပါသည်။ နှုတ်ဆက်ခဲ့ပါသည် ရာမညမြေ……..။

မြင့်စိုး(နတလ)